၁၂.၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့နေ ထောင်နှင့်ချီသော ပြည်သူများစွာက သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် အစိုးရ၏မူဝါဒများအား ဆန့်ကျင်ဆန္ဒပြမှုများကို နယူးယော့ခ်မြို့အတွင်း ဇန်နဝါရီလ ၁၁ ရက်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြသူများက ဦးစွာ မန်ဟတ်တန်ရပ်ကွက်ရှိ စင်ထရယ်ပါ့ခ် ပန်းခြံအနီးတွင် စုဝေးကြပြီးနောက် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် ပိုင်ဆိုင်သော ထရမ့်ပ်တာဝါ မိုးမျှော်အဆောက်အအုံတည်ရှိရာ ပဉ္စမရိပ်သာလမ်း (Fifth Avenue) အတိုင်း ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများက လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE) ၏ လုပ်ဆောင်ချက်များ၊ ဥပဒေနှင့်မညီသော လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အမေရိကန်အစိုးရ၏ မူဝါဒနှင့် နိုင်ငံခြားရေးမူဝါဒတို့ကို ဆန့်ကျင်ခဲ့ကြသည်။ အခြေအနေမှာ ငြိမ်သက်နေပြီး ရဲများက ဆန္ဒပြပွဲတွင် တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်းတွေ့ရသည်။။
ယခုအပတ်အစောပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန အစိုးရကိုယ်စားလှယ်အေးဂျင့်တစ်ဦးက မင်နီယာပိုလီးစ်မြို့တွင် တရားမဝင်ပြောင်းရွှေ့ဝင်ရောက်သူများအား ရှာဖွေရေးလုပ်ငန်းတစ်ခုအတွင်း လမ်းမပေါ်တွင် ကားကို ရပ်ထားသော အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ အေးဂျင့်များက သူမအား ကားပေါ်မှဆင်းရန် တောင်းဆိုပြီးနောက် ကားသည် ရှေ့သို့တိုးလာပြီး အေးဂျင့်တစ်ဦးက ယာဉ်မောင်းကို ပစ်ခတ်ခဲ့သည်။ အမျိုးသမီးသည် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။
မြို့တော်ဝန် ဂျက်ကော့ ဖရေးက ICE အေးဂျင့်များ၏ လုပ်ရပ်များကို ပေါ့ဆမှုဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိုအဖွဲ့အား မြို့မှ ထွက်ခွာရန် တောင်းဆိုခဲ့သည်။ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးက ၎င်း၏ X စာမျက်နှာတွင် ဖြစ်ရပ်အပေါ် အပြည့်အဝ၊ တရားမျှတပြီး လျင်မြန်သော စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ရန် သေချာစေမည်ဟု ရေးသားခဲ့သည်။
အပြန်အလှန်အနေဖြင့် အမေရိကန်အစိုးရ အမိမြေလုံခြုံရေးဝန်ကြီးခရစ်စတီးနိုအမ်က ICE သည် မြို့တွင်းတွင် ၎င်း၏ လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ အမျိုးသမီးအား ပစ်ခတ်ခဲ့သော ICE အရာရှိသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု နိုအမ်က အလေးပေးပြောကြားခဲ့သည်။ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကလည်း အလားတူအမြင်ကိုပင် ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
Ref-Tass News



