၁၂.၁.၂၀၂၆
Translated by Htwe Ko Tun
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရွိုက်ဒရစ်ချ်မာ့ဇ်က အိန္ဒိယနိုင်ငံသို့ ၎င်း၏ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၁၂ ရက် နံနက်က အမီဒါဘက်မြို့ရှိ Sardar Vallabhbhai Patel အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။
သတင်းများအရ ဂျာမနီနိုင်ငံဝန်ကြီးချုပ် ဖရွိုက်ဒရစ်ချ် မာ့ဇ်၏ အိန္ဒိယခရီးစဉ်သည် အိန္ဒိယတွင် ရေငုပ်သင်္ဘောများ ပူးတွဲတည်ဆောက်ရန် ယူရို ၈ ဘီလျံ (ဒေါ်လာ ၉ ဒသမ ၃ ဘီလျံ) တန် သဘောတူညီချက်အတွက် ဆွေးနွေးမှုများကို အရှိန်မြှင့်တင်ပေးနိုင်ဖွယ်ရှိကြောင်း DW သတင်းဌာန၏ ဒေလီဗျူရိုအကြီးအကဲ ဆန်ဒရာ ပီတာစ်မန်းက အတည်ပြုပြောကြားခဲ့သည်။
Merz နှင့်အတူ လိုက်ပါလာသော အဖွဲ့ဝင် ၂၅ ဦးပါ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် Thyssen Krupp Maritime Systems (TKMS) ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ် အိုလီဗာ ဘာက်ဟာ့ဒ်လည်း ပါဝင်သောကြောင့် ဤသဘောတူညီချက်သည် ဂျာမနီဝန်ကြီးချုပ် ခရီးစဉ်အတွင်း အဓိက အလေးထားမှုတစ်ရပ် ဖြစ်လာဖွယ်ရှိကြောင်းလည်း သိရသည်။
နယူးဒေလီရှိ Observer Research Foundation မှ ဒုတိယညွှန်ကြားရေးမှူး ရှေရီ မာလ်ဟိုထရာက အိန္ဒိယနှင့် ဂျာမနီနှစ်နိုင်ငံလုံးအတွက် ဤသဘောတူညီချက်က အလွန်အရေးကြီးသည်ဟု DW သို့ ပြောကြားခဲ့သည်။
မာလ်ဟိုထရာက”ရေငုပ်သင်္ဘောသဘောတူညီချက်ကအိန္ဒိယ၏ ကာကွယ်ရေးခေတ်မီဖွံ့ဖြိုးတိုးတက်မှုတင် မကဘူး၊ ရေငုပ်သင်္ဘောထုတ်လုပ်မှုအတွက် နည်းပညာလွှဲပြောင်းမှုတွေလည်း ပါဝင်မယ်ဆိုတော့ အိန္ဒိယအတွက် အလွန်အရေးကြီးပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် သူမက “ဂျာမနီအတွက်လည်း ဒီသဘောတူညီချက်က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယကို ရုရှားစစ်ဘက်ဆိုင်ရာပစ္စည်းတွေအပေါ်ပဲ သမားရိုးကျမှီခိုနေရမှုကို လျှော့ချဖို့ ကူညီပေးပြီး ဂျာမနီကိုလည်း အကျိုးအမြတ်များတဲ့ အိန္ဒိယရဲ့ ကာကွယ်ရေးဈေးကွက်ကို ဝင်ရောက်နိုင်စေလို့ပါပဲ” ဟု ထပ်လောင်းပြောကြားခဲ့သည်။
မာ့ဇ်၏ချစ်ကြည်ရေးခရီးစဉ်က ဇန်နဝါရီလ ၁၃ ရက်အထိ နှစ်ရက်ကြာမြင့်မည်ဟု သိရသည်။
Ref- DW News


