




၁၀.၁.၂၀၂၅
Written by NYL
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၌ ရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပနိုင်ရေး မဲရုံများ ပြင်ဆင်ထားမှုအား ဇန်နဝါရီ ၁၀ ရက်တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဝါးခယ်မမြို့နယ်၊ ကျွန်းပြဿဒ်ကျေးရွာရှိ ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဖွင့်လှစ်ထားသည့် ကျွန်းပြဿဒ်ကျေးရွာအုပ်စုမဲရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများ ကြေညာထားရှိမှု၊ MEVM မဲပေးစက်များ အခြေအနေနှင့်နေရာချမှု၊ ကြိုတင်မဲပေးမှုနှင့် ပြည်သူများလာရောက် မဲပေးရာတွင် အဆင်ပြေစေရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ပြီး မဲရုံတာဝန်ရှိသူများက မဲပေးနိုင်ရေးဆောင်ရွက်ထားရှိသည့် အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်ရှိ မဲရုံအမှတ်(၁) သို့ ဇန်နဝါရီလ(၉)ရက်၊ မွန်းလွဲပိုင်းကသွားရောက်၍ ဇန်နဝါရီ (၁၁) ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ရက်များတွင် ပြည်ထောင်စုဝန်ကြီးသည် ကျုံမငေးမြို့၊ စက်ရုံဓမ္မာရိပ်သာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကြီးအား လှူဖွယ်ဝထ္ထုပစ္စည်းများကိုလည်းကောင်း၊ ရွှေသုသာန်ကျောင်းမှကျောင်းထိုင်ဆရာတော်အား Wheel Chair တစ်စုံနှင့်လှူဖွယ်ဝထ္ထုပစ္စည်းများကိုလည်းကောင်း၊ ကျွန်းပြဿဒ်ကျေးရွာ၊ ရွာလယ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အား လှူဖွယ်ဝထ္ထုပစ္စည်းများကိုလည်းကောင်း၊ မြတ်စွယ်တော် ဈေးကျောင်းပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝထ္ထုပစ္စည်းများကိုလည်းကောင်း အသီးသီးသွား ရောက်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
