


၉.၁.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတဟောင်း နီကိုလပ်စ် မာဒူရိုနဲ့ဇနီးကို ဇန်နဝါရီလ ၃ ရက်မှာ စစ်အင်အားသုံး ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီး အမေရိကန်ပြည်ထောင်စုမှာ ရုံးတင် တရားစွဲမှုပြုနေချိန်မှာပဲ ဖမ်းဆီးမှုအပြီး ရက်အနည်းငယ်အကြာမှာ အမေရိကန်အစိုးရအရာရှိတွေက ဗင်နီဇွဲလားနိုင်ငံကိုတောင် လာရောက်နေကြပြီဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ဗင်နီဇွဲလားအစိုးရက သမ္မတထရမ့်ပ်ရဲ့အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဇန်နဝါရီလ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန်စစ်တပ်ရဲ့ ပြင်းထန်သောစီးနင်းမှုအပြီးမှာ တစ်ချိန်က ရန်သူတွေဖြစ်ကြတဲ့ ဗင်နီဇွဲလားနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ ပထမ ခြေလှမ်းတွေ စတင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
အမေရိကန်သံတမန်အဖွဲ့နဲ့ လုံခြုံရေးအရာရှိတစ်ဦးဟာဗင်နီဇွဲလားနိုင်ငံကို လာရောက်ခိုက် နှစ်နိုင်ငံ ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ ဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့ ဗင်နီဇွဲလားအစိုးရက ဇန်နဝါရီလ ၉ ရက်က ပြောကြားခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ဗင်နီဇွဲလားမြို့တော်မှာ အမေရိကန်သံရုံး ပြန်လည်ဖွင့်လှစ်နိုင်ခြေနဲ့ ပတ်သက်လို့ ကနဦးအကဲဖြတ်မှုပြုလုပ်ဖို့ ကာရာကာ့စ်မြို့ကို ရောက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
မာဒူရိုရဲ့ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ရဲ့ အစိုးရက အမေရိကန်အစိုးရနှင့်အတူ စူးစမ်းလေ့လာရေး သံတမန်ရေးလုပ်ငန်းစဉ်ကို စတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး နှစ်နိုင်ငံလုံးမှာ သံတမန်အဖွဲ့လုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နဲ့ သံတမန်ရေးအရ ညှိနှိုင်းတာက ဗင်နီဇွဲလားကို ကာကွယ်ဖို့နဲ့ သမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ ဇနီး ဆီလီယာ ဖလိုးစ်တို့ ဗင်နီဇွဲလားကို ပြန်လာစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ သူမက ဇန်နဝါရီလ ၉ ရက် နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားက ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဝါရှင်တန်ကို စေလွှတ်ဖို့ စီစဉ်ထားတယ်လို့ဆိုပေမယ့် အသေးစိတ် အချက်အလက်တွေကို မသိရပါဘူး။ အမေရိကန်ကို တရားဝင် ဗင်နီဇွဲလားအဖွဲ့ခရီးစဉ်အတွက် အမေရိကန်ဘဏ္ဍာရေးဌာနမှ ပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးဖို့ လိုအပ်ဖွယ်ရှိပါတယ်။
တစ်ချိန်တည်းမှာပဲ ထရမ့်ပ်က ဗင်နီဇွဲလားရေနံထုတ်လုပ်မှု တိုးတက်ဖို့ အမေရိကန် ရေနံကုမ္ပဏီကြီးတွေကို ဗင်နီဇွဲလားမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိအားပေးတိုက်တွန်းနေတယ်လို့ သိရပါတယ်။
ဗင်နီဇွဲလားမြို့တော်၊ ကာရာကာ့စ်ရဲ့ လမ်းတွေပေါ်မှာတော့ မာဒူရိုထောက်ခံသူတွေက ဇန်နဝါရီလ ၉ ရက်က စုဝေးကာ မာဒူရိုကို လွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Ref : DW News
