




၁၀. ၁. ၂၀၂၆
Written by Nyein Kyaw
ပိတ်ဆို့မှုများအကြားမှ နိုင်ငံ့စီးပွားရေး တိုးတက်အောင် တတ်နိုင်သလောက် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် နိုင်ငံတွင် နေထိုင်သည့် ပြည်သူများအားလုံး၏ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားသည်။
မိမိတို့အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင်ချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိသည့် အချိန်ဖြစ်ပြီး နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှုများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆူပူအကြမ်းဖက်မှုများ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေမှုများနှင့် ကြုံတွေ့နေရသည့်အချိန်တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများ၊ ခြိမ်းခြောက်အကြပ်ကိုင်မှုများကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်မှုများကြောင့် အခက်အခဲ၊ အကျပ်အတည်းများကို ကျော်လွှားခဲ့ရကြောင်း ယာယီသမ္မတက ပြောကြားသည်။
အလားတူ နိုင်ငံ့စီးပွားတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက်လည်း စတင်တာဝန်ယူချိန်တွင် ပိတ်ဆို့မှုများအကြားမှ နိုင်ငံ့စီးပွားရေး တိုးတက်အောင် တတ်နိုင်သလောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတွင် နေထိုင်သည့် ပြည်သူများအားလုံး၏ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်မှသာ နေထိုင်မှုအဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုထက်ပိုမိုတိုးတက်လာစေရေး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့နောက် ယာယီသမ္မတသည် ပုသိမ်မြို့ရှိ ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကောလိပ်ရှိ ပညာရတနာခန်းမနှင့် ကောလိပ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခန်းမအား အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အဆောက်အဦများကိုလည်း လိုအပ်သည့် ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်၍ အကျိုးရှိရှိ အသုံးချသွားကြရန် မှာကြားသည်။
