

၁၀.၁.၂၀၂၆
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ အလုံရပ်ကွက်၊ နန်းတော်စျေးနယ်မြေ၊ မုံရွာ-ဘုတလင်လမ်းမကြီးဘေးတွင် ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)၊နံနက်အစောပိုင်း ၁၂ နာရီ ၄၂ မိနစ်ခန့်က ဆိုလာနှင့်ချိတ်ဆက်အသုံးပြုသည့် အင်ဗာတာ အပူလွန်ကဲရာမှ ရှော့ခ်ဖြစ်ကာ စားသောက်ဆိုင်နှင့် လူနေအိမ်နှစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မီးလောင်မှုမှာ သွပ်မိုး၊ နံကပ်နှစ်ထပ်နေအိမ်တွင် ဖွင့်လှစ်ထားသော နန်းဦးစားသောက်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့ရာ နှစ်ထပ် စားသောက်ဆိုင် တစ်ဆိုင်နှင့် တစ်ထပ် လူနေအိမ်နှစ်လုံး၊ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
မိနစ် ၄၀ ကျော်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ကိုးစီး၊ရေသယ်ယာဥ် ခြောက်စီး သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၈၀ ခန့်ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီမထိုးမီ ၅ မိနစ်ခန့်အလိုတွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမင်းမင်းသန့်ဆိုသူကို မုံရွာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
