


၁၀ .၁ .၂၀၂၆
Written by Thiri
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဝင်းအတွင်း ဘုရားတည်ရာက လုပ်ကိုင်လက်စ သံချောင်းတွေ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့အပေါ် ကလေးတစ်ဦး လဲကျလို့ ပြင်းထန်ဒဏ်ရာရရှိမှု ဒီနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အကြင်နာကုသိုလ်ပြုစေတနာဖြူဘဘကြီးလူမှူကူ ညီရေး(VIP.AFS၂၄ကွန်ကယ်အဖွဲ့ ) ထံကနေ သိရပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်က အသက် ၁၂ အရွယ် ယောက်ျားလေးဖြစ်ပြီး Grade -3 တက်ရောက်နေတဲ့ ကျောင်းသားလို့ သိရပါတယ်။ ပြေးလွှားဆော့ကစားရင်း ခွကျော်စဉ် ချော်ကျရာက သံချောင်းက ပေါင်ထိပ်ကနေ ဆီးခုံကို ထိုးထွက်တဲ့အထိ ထိုးသွင်းဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကလေးမိခင်ဖြစ်သူ ဒေါ်ကြူကြူမော်က “အခု စံပြဆေးရုံက ရန်ကင်းကလေးဆေးရုံကို လွှဲလို့ပါ။ အဲဒီကို ထပ်သွားရပါတယ်။ ကလေးက သွေးတော့ တစ်ချက်အန်ထားတယ်။ သံချောင်းကို ကျောင်းက ဘုန်းဘုန်းတွေပဲ ဆွဲဖြုတ်ထုတ်လာပေးတာပါ’ လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ဒဏ်ရာရ ကလေးငယ်မိသားစုက ဒဂုံဆိပ်ကမ်းကျူးရပ်ကွက်ဖြစ်တဲ့ အာဆီယံကမ်းနားလမ်းထဲမှာ နေထိုင်ကြပြီး လက်လုပ်လက်စား နွမ်းပါးသူတွေမို့ ငွေကြေးအဆင်မပြေကြဘဲ အခုလိုဆေးရုံ လာရောက်ရတဲ့ အခြေအနေမှာတောင် ပိုက်ဆံပါမလာလို့ ကလေးတက်နေတဲ့ ဘကကျောင်းက ဆရာမတချို့နဲ့ လူမှုကူညီရေး အသင်းက တာဝန်ရှိသူတွေက လိုအပ်တာကို လိုက်လံ ကူညီပေးနေတယ်လို့လည်း သိရပါတယ်။
