◾ မီးဘေးသင့်ပြည်သူ ၂၁၃ ဦးအထိရှိနေပြီး အကူအညီလိုအပ်နေ၍ လာမည့် ဇန်နဝါရီ ၁၂ ရက်၊ ၁၃ ရက်တို့တွင် မော်လမြိုင်မြို့ပေါ် အလှူခံရန် စီစဥ်




၁၀. ၁.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာတွင် ဇန်နဝါရီလ ၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က လောင်ကျွမ်းခဲ့သော လူနေအိမ် ၅၅ လုံး မီးလောင်မှုမှာ လူစောင့်မရှိဘဲ ရေနွေးအိုးတည်ရာမှ စတင်ဖြစ်ပွားသည်ဟု စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုမှာ အလျား ၁၀ ပေ၊ အနံ ၁၀ ပေ၊ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ်တွင် စတင်ဖြစ်ပွားခဲ့ပြီး လူမရှိဘဲ ရေနွေးအိုးတည်ရာမှ အနီးရှိ ဓနိအကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ် ခုနစ်စီး၊ ရေသယ်ယာဉ် ၁၁ စီးတို့ဖြင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပရဟိတအသင်းများက သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂နာရီ ၅၈ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
“တစ်ရွာလုံးမှာ အိမ်ခြေနည်းနည်းပဲ ကျန်တော့တယ်။မီးလောင်လို့ဘာမှမရလိုက်တဲ့သူတွေလည်း ရှိတယ်။အကူအညီတွေလည်း လိုအပ်နေတယ်”ဟု ဒေသခံအခြေစိုက်လူမှုကူညီရေးအဖွဲ့မှအဖွဲ့ဝင်တစ်ဦးက ပြောသည်။
နေအိမ် ၅၅ လုံး မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့သော နေအိမ်မှအသက် ၄၀ အရွယ် ဒေါ်အေးအိခိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မုဒုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူ ၂၁၃ ဦးအနက် အခြေခံပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ ၃၈ ဦးပါဝင်ပြီး မီးဘေးသင့်ပြည်သူများကို လတ်တလောတွင် ဓမ္မာရုံနှင့် စေတနာရှင်လူမှုကယ်ဆယ်ရေးရုံးတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေသဖြင့် မော်လမြိုင် မြို့ခံ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကွန်ရက်အသင်းများပူးပေါင်းပြီး Music Band များဖြင့် ဇန်နဝါရီလ ၁၂ ရက်နှင့် ဇန်နဝါရီလ ၁၃ ရက်တို့တွင် မော်လမြိုင်မြို့ပေါ်၌ အလှူခံမည်ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်လှူဒါန်းစုံစမ်းလိုသူများအနေဖြင့် ဦးမြင့်ဦး – 09 5322044 ၊ ကိုဇင်မိုး – 09 442158281 ၊ ကိုတရုတ် – 09 255802426 ၊ဦးကျော်စွာဦး – 09450240249 တို့ကို ဆက်သွယ်နိုင်ပြီး ကျေးရွာသို့လည်း တိုက်ရိုက်သွားရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
