◾️ ကိုယ်ကျိုးမဖက် တိုင်းပြည်နှင့်လူမျိုးအပေါ်ထားသည့် သစ္စာတရားများကြောင့် ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား






၄. ၁. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ယနေ့တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။
လွတ်လပ်ရေးဟူသည်မှာ မိမိတို့မြန်မာတစ်မျိုးသားလုံးအတွက် အဖိုးအနဂ္ဂထိုက်တန်သည့် ရတနာတစ်ပါးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်စဉ်ကျရောက်မြဲဖြစ်သည့် လွတ်လပ်ရေးနေ့သည် နိုင်ငံသူနိုင်ငံသားအားလုံးအတွက် တန်ဖိုးထားဂုဏ်ယူဖွယ်ရာအမွန်မြတ်ဆုံးသော နေ့ထူးနေ့မြတ် အခါသမယတစ်ခုပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထိုကဲ့သို နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းရွက်ခဲ့ကြသည့် သူရဲကောင်းစစ်သည်တိုင်းကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယနေ့အခမ်းအနားတွင်လည်း နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အသက်နှင့်ခန္ဓာကို ပဓာနမထားဘဲ သူရဲကောင်းတို့ထုံး နှလုံးမူပြီး ပြည့်ဝသည့် ရဲစွမ်းသတ္တိနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ကိုယ်ကျိုးမဖက် တိုင်းပြည်နှင့်လူမျိုးအပေါ်ထားသည့် သစ္စာတရားများကြောင့် ယခုကဲ့သို့ ထိုက်တန်သည့် ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တပ်မတော်မိသားစုဝင်များ၏ နောင်ရေးစိတ်အေးချမ်းသာစေရေး လိုအပ်သည်များကို စီမံဆောင်ရွက်ပေးလျက်ရှိပြီး စွန့်လွှတ် စွန့်စားသည့် စစ်သည်တော်ကောင်းများဖြစ်လာစေရေး နိုင်ငံတော်၊ တပ်မတော် အနေဖြင့် ဆောင်ရွက်ပေးသင့်သည်မှန်သမျှကို ဆက်လက်စီမံဆောင်ရွက်ပေးရန် အမြဲအသင့်ရှိကြောင်းကို အသိပေးပြောကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထိုကြောင့် တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များအနေဖြင့် တပ်မတော်၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်ရင်း တပ်မတော်၏ဂုဏ်ကို မြှင့်တင်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးကြီး ၇ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၁၄ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ဗိုလ် ၁ ဦး၊ ဒုတိယ အရာခံဗိုလ် ၄ ဦး၊ အုပ်ခွဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၃ ဦး၊ တပ်ကြပ် ၅ ဦး၊ ဒုတိယတပ်ကြပ် ၆ ဦးတို့အား ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
