◾ အမေရိကန်က ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်သွားမယ်လို့ပါ ထရမ့်ပ်ပြော

၄.၁.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်က ဗင်နီဇွဲလားနိုင်ငံ၊ မြို့တော် ကာရာကာ့စ် ကို ဇန်နဝါရီလ ၃ ရက် နံနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုပြုခဲ့ပြီးနောက်မှာ ဗင်နီဇွဲလား သမ္မတ နီကိုလတ်စ် မာဒူရိုကို မူးယစ်ဆေးဝါး အကြမ်းဖက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်ဖို့ နယူးယော့ခ်မြို့ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အမေရိကန်က ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုနဲ့ဇနီးကို အမေရိကန်က ကာရာကာ့စ်မြို့ကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဖမ်းဆီးမိခဲ့ပြီး နယူးယော့ခ်မြို့ကို လေကြောင်းနဲ့ ခေါ်ဆောင်လာတာလို့ သိရပါတယ်။ ဗင်နီဇွဲလားကို ညတွင်းချင်း တိုက်ခိုက်မှုအတွင်းမှာ အမေရိကန်တပ်ဖွဲ့တွေက သူတို့နှစ်ဦးကို ဖမ်းဆီးခဲ့တာပါ။

မာဒူရိုကို အမေရိကန်ပြည်ထောင်စုမှာ မူးယစ်ဆေးဝါး အကြမ်းဖက်မှုမှာ လျှိူ့ဝှက်ပူးပေါင်းကြံစည်မှု စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က လုံခြုံစိတ်ချမှုရှိတဲ့ အသွင်ကူးပြောင်းမှု ဆောင်ရွက်ပြီးတဲ့အထိ ဗင်နီဇွဲလားကို အမေရိကန်အစိုးရက အုပ်ချုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ရုရှား၊ အီရန်၊ တရုတ်၊ ကျူးဘား၊ ကိုလံဘီယာ၊ ဘရာဇီးနဲ့ အခြားနိုင်ငံတွေကတော့ ဒီတိုက်ခိုက်မှုက နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ပြောဆို ရှုတ်ချခဲ့ကြပါတယ်။ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂွာတာရီးစ် ကလည်း ဒီ တိုက်ခိုက်မှုက အန္တရာယ်ရှိတဲ့ ရှေ့ပြေးနမူနာတစ်ခု ချမှတ်ခဲ့တဲ့သဖွယ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဂျာမနီ၊ ဥရောပသမဂ္ဂ၊ ယူနိုက်တစ်ကင်းဒမ်းနဲ့ အခြားနိုင်ငံတွေကတော့ မာဒူရိုကို ရာထူးမှ ဖယ်ရှားခြင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ရွေးကောက်ပွဲများ ကျင်းပရန် တောင်းဆိုခဲ့ပြီး နိုင်ငံတကာဥပဒေကိုလည်း လေးစားလိုက်နာရန် တောင်းဆိုခဲ့ကြပါတယ်။
Ref- DW News
