




၄.၁.၂၀၂၆
Written by Thiri
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူပေါင်း ၆၁၃၄ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၅၂ ဦးကို လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ် ၁ / ၂၀၂၆နဲ့ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။




လွတ်ငြိမ်းခွင့်ပြုတဲ့ ပြစ်မှုတွေက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ်၊ လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူတွေကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ ယင်းတို့ကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။
အခု လွတ်ငြိမ်းခွင့်ပြုတဲ့ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၆၁၃၄ ဦးအပါအဝင် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၅၂ ဦးကို နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်နဲ့ ယင်းတို့ကျခံဖို့ ကျန်ရှိတဲ့ပြစ်ဒဏ်တွေအပေါ် လျှော့ပေါ့ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။
