◾ ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်ပေးနိုင်ရန် လွှတ်တော်အတွင်း တိုင်းရင်းသား ကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာရန် လိုအပ်





၄.၁.၂၀၂၆
နေရောင်လင်း
ရွေးကောက်ပွဲ ရလဒ်များအရ ပေါ်ထွက်လာမည့် အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်သွားမည်ကြောင်း ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြားခဲ့သည်။
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ် ၂၀ တွင် ကျင်းပခဲ့ပြီး နံနက် ၇ နာရီတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောတက်ရောက်၍ ယာယီသမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။
၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နှင့် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (MMP)များ ကျင့်သုံးပြီး တရားမျှတမှု၊ မြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရွေးကောက်ပွဲ ရလဒ်များအရ ပေါ်ထွက်လာမည့် အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်သွားမည်ဖြစ်ပါသည် “ ဟု ပြောကြားခဲ့သည်။





ထို့ပြင် တိုင်းရင်းသားများ၏ ဆန္ဒနှင့် လိုလားချက်များကို ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်ပေးနိုင်ရန် လွှတ်တော်အတွင်း တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာရန် လိုအပ်ကြောင်း၊ သို့မှသာ လူမျိုးစုအလိုက် လိုလားချက်များ၊ ရည်မှန်းချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးကာ စုပေါင်းဆုံးဖြတ် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း နိုင်ငံတော်ယာယီသမ္မတက ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့်လည်း မိမိတို့အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်သယ်ပိုးနိုင်မည့် မိမိလူမျိုး၊ မိမိဒေသနှင့်နိုင်ငံ့အကျိုး အလေးထားမည့် ပုဂ္ဂိုလ်များကို ရွေးချယ်သွားနိုင်ကြရန် လိုအပ်ပါကြောင်း၊ လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရယူအသုံးချပြီး ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်ကာ မဲပေးသည့်အလေ့အထကို ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်ရေးအတွက် လေ့ကျင့်မွေးမြူကြရမည် ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတက သဝဏ်လွှာတွင် ပြောကြားခဲ့သည်။
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားပြီးနောက် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားဆက်လက်ကျင်းပရာ၌ နံနက် ၆ နာရီတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ အခွန်အယူခံခုံရုံးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ မိဘပြည်သူများသည် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ဝင်ရောက်နေရာယူခဲ့ကြသည်။
ထို့နောက် နံနက် ၇ နာရီတွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကိုကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ရင်ပြင်သို့ ချီတက်နေရာယူကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အလေးပြုခံစင်မြင့်သို့ရောက်ရှိကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ကြောင်း သိရသည်။
ထို့နောက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်အနားသို့ တက်ရောက်လာသူများသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။
