



၄.၁.၂၀၂၆
Written by Thiri
နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိတာမို့ ဒီကနေ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာလည်း ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အကျဉ်းဦးစီးဌာနရဲ့ရှေ့မှာ ပြစ်ဒဏ်ကျ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက မနက်အစောပိုင်းကတည်းက လာရောက် စောင့်စားနေကြပါတယ်။
“ရန်ကုန်ထဲကပါပဲ။ လမ်းမတော်က။ ၅၀၅ နဲ့ ဒီနေ့ပါမလားပေါ့။ ကြားတော့ကြားလို့။ လွှတ်ချိန်နောက်ကျမယ်လို့လည်းကြားတယ်။ အရင်နှစ်တွေကတော့ ၉ နာရီ ၁၀ နာရီဆို လွှတ်တယ်” လို့ အင်းစိန်ထောင်တွင်းရောက်ရှိနေတဲ့ အကျဉ်းသူတစ်ဦးရဲ့ ဖခင်က ဆိုပါတယ်။
မနှစ်က ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦး၊ စုစုပေါင်း ၆၀၄၄ ဦးတို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
