




၄.၁.၂၀၂၆
Written By Min Thet
မုဒိမ်းပြုကျင့် လူသတ်ခဲ့သည့် မြန်မာနိုင်ငံသား တရားခံကို မဲဆောက် လဝက က နေရပ်ပြန်ပို့ခဲ့၍ ခုံရုံးဖွဲ့ စစ်ဆေးခံရမည်ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများက ဖော်ပြကြသည်။
ယခုအခါ ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့များက တရားခံကို တရားဥပဒေအရ အရေးယူနိုင်ရန် ပြန်လည်ဖမ်းဆီးရမည် ဖြစ်၍ မြန်မာနိုင်ငံ အစိုးရဘက်သို့ ဆက်သွယ် လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ယင်း မုဒိမ်းမှုနှင့် လူသတ်မှု ကျူးလွန်သူ မြန်မာနိုင်ငံသား တရားခံမှာ အသက် ၅၀ အရွယ်ရှိ ထွန်းသာ အောင်ဆိုသူဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် အလုပ်ရှင်ဟောင်း ထိုင်းအမျိုးသမီးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ခြင်းကြောင့် နိုဝင်ဘာလ ၁၃ ရက်တွင် ဖဝေါရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူ ဖြစ်ကြောင်း သေဆုံးသူ၏ သမီး ပြောပြချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
အဆိုပါ အမှုနှင့်ပတ်သက်သည့် DNA စစ်ဆေးနေချိန်၌ ဖဝေါရဲစခန်းက နိုဝင်ဘာလ ၁၅ ရက်တွင် တရားခံအား မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တစ်ရက်အကြာ နိုဝင်ဘာလ ၁၆ ရက်တွင် မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာနက နေရပ်သို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။
နေရပ်ပြန်ပို့ပြီး ၂ ရက်အကြာ နိုဝင်ဘာလ ၁၈ ရက်တွင် ဖဝေါရဲတပ်ဖွဲ့က တရားရုံးသို့ ဖမ်းဝရမ်းတောင်းခံကာ အမှုဖွင့်လှစ်ရန်ဆောင်ရွက်ရာ တရားခံမှာ ထိုင်းနိုင်ငံတွင် မရှိတော့သဖြင့် သေဆုံးသူ၏ သမီးက မိခင်သေ ဆုံးခဲ့ရမှုအတွက် တရားမျှတမှုရရှိစေရန် စိုင်မိုင်တောင့်လော့အဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းကြောင့် သက်ဆိုင်ရာမှ မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာနကို ခုံရုံးဖွဲ့၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
