MT News
၃၁. ၁၂. ၂၀၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် ငွေကျပ် ၃၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် သတင်းအရ မင်းဘူးမြို့၊ ကန်ရေကျေးရွာအနီးတွင် အောင်ဇင်ဝင်း(ခ)ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့် လိုက်ပါလာသည့် CANTER ၆ ဘီး ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်း (ဒေသတန်ဖိုးငွေကျပ် ၃၇ ဒသမ ၄၆၅၅ ဘီလျံ) ကို ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၂၅ ရက် နံနက် ၇ နာရီခွဲတွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား စစ်ကိုင်းမြို့မှ မန္တလေးမြို့သို့သယ်ဆောင်၍ နေအိမ်၌ သိုဝှက်ထိန်းသိမ်းထားရှိပြီး မန္တလေးမြို့မှ မင်းတုန်းမြို့သို့ တာဝန်ခံသယ်ဆောင်သည့် နေမျိုးအောင်နှင့် ၎င်း၏ဇနီး မညိုညိုသက်တို့ ၂ ဦးအား မကွေးမြို့၊ နတ်မောက်လမ်းရှိ မကွေးဟိုတယ်တွင် SUPER CUSTOM ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်မှ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသည့် HYUNDAI STAREX ယာဉ် ၁ စီးအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူမှာ စစ်ကိုင်းမြို့နယ် ဆည်လေးကျေးရွာနေ မင်းမင်း(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး စစ်ကိုင်းမြို့နယ်မှ မင်းတုန်းမြို့သို့ လည်းကောင်း၊ မင်းတုန်းမြို့မှတစ်ဆင့် ရခိုင်ပြည်နယ်သို့လည်းကောင်း ဆက်လက် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
