သက်တံ့
၃၁. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့လမ်းမပေါ်တွင် ထိုင်းအမျိုးသမီးတစ်ဦးကို နေအိမ်သို့ ပြန်ပို့စဉ် အဓမ္မပြုကျင့်ခဲ့ပြီးနောက် ကားနောက်ခန်းထဲ အဝတ်အစားမပါဘဲ ပစ်ထားခဲ့သည်ဟု စွပ်စွဲခံထားရသော ရေတပ်အရာရှိတစ်ဦးသည် အဓမ္မပြုကျင့်မှုအတွက် ထိုင်းအမျိုးသမီးအား ဘတ် ၁၈၀,၀၀၀ ပေးလျော်ခဲ့ရသည်။
အသက် ၂၃ နှစ်အရွယ် ထိုင်းအမျိုးသမီးငယ်တစ်ဦးသည် ဒီဇင်ဘာလ ၃၀ ရက်နေ့က စစ်တဟစ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သည်။ သူမ၏ အမှုဖွင့်တိုင်ကြားချက်အရ ဒီဇင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့) နံနက်အစောပိုင်းတွင် အမည်မသိ ထိုင်းအမျိုးသားတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရကြောင်း၊ သံသယရှိသူသည် ရေတပ်အရာရှိတစ်ဦးဖြစ်သည်ကိုသာ သိရှိကြောင်း ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သည်။

တရားလို၏ ထွက်ဆိုချက်အရ ထိုအမျိုးသမီးသည် တနင်္ဂနွေနေ့ည ၁၀ နာရီခန့်တွင် သူမ၏ သူငယ်ချင်းအမျိုးသမီးငယ်နှစ်ဦးနှင့်အတူ ဖျော်ဖြေရေးဆိုင်တစ်ခု၌ သောက်စားခဲ့ကြသည်။ ညဉ့်နက်ပိုင်းတွင် ထိုင်းအမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ၎င်းတို့သည် ရေတပ်သားများဖြစ်ကြောင်းနှင့် သူမ၏ သူငယ်ချင်းတစ်ဦးကို သိသည်ဟုဆိုကာ သူမတို့ဝိုင်းတွင် လာရောက်ပူးပေါင်းခဲ့ကြသည်။ သောက်စားပြီးနောက် သူမ အိမ်ပြန်ရန် ဆုံးဖြတ်ချိန်တွင် အခြားအမျိုးသားတစ်ဦး ရောက်လာပြီး အိမ်ပြန်ပို့ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ထိုသူသည် အစောပိုင်းက ရေတပ်သားနှစ်ဦး၏ သူငယ်ချင်းဟု ယုံကြည်ကာ သူမက လိုက်ပါသွားခဲ့သည်။
သို့သော် ထိုအမျိုးသားက သူမ၏ နေအိမ်သို့ မဟုတ်ဘဲ ရေတပ်သက်သာချောင်ချိရေး ဝန်ထမ်းအိမ်ရာသို့ ခေါ်ဆောင်သွားကြောင်း လမ်းခုလတ်တွင် သိရှိခဲ့သည်။ ထိုသူက သူမကို အခန်းထဲသို့ ခေါ်ဆောင်ရန် ကြိုးပမ်းသော်လည်း သူမက ငြင်းဆန်ခဲ့သည်။ ထို့နောက် အမျိုးသားက ထိုဝန်ထမ်းအိမ်ရာတွင် ရပ်ထားသော မီနီထရပ်ကားနောက်ခန်းတွင် သူမအား အဓမ္မပြုကျင့်ခဲ့ကြောင်း၊ သူမဘက်က လုံးဝသဘောမတူဘဲ ခုခံနိုင်စွမ်းမရှိသည့် အခြေအနေတွင် ကျူးလွန်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သည်။

ကျူးလွန်ပြီးနောက် သံသယရှိသူသည် သူမကို သူမနေအိမ်အနီး ၅ ကီလိုမီတာမှ ၆ ကီလိုမီတာခန့်အကွာသို့ မောင်းနှင်ပို့ဆောင်ပေးကာ ထိုနေရာတွင် သူမကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။ “News Stream” Facebook သတင်းစာမျက်နှာ၏ ဖော်ပြချက်အရ သူမကို ထိုရေတပ်အရာရှိက မုဒိမ်းကျင့်ပြီးနောက် ကားနောက်ခန်းတွင် အဝတ်ဗလာဖြင့် တင်ဆောင်ကာ ချွန်ဘူရီလမ်းမပေါ်တွင် မောင်းနှင်ပြီး အိမ်သို့ ပြန်ပို့ခဲ့သည်ဟု ဆိုသည်။
ထိုင်းဘုရင့်ရေတပ် ပြောရေးဆိုခွင့်ရှိသူ Parat Rattanachaiphan က ကျူးလွန်မှု သံသယရှိသူသည် ရေတပ်အရာရှိတစ်ဦး အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုခဲ့သော်လည်း မည်သူမည်ဝါဖြစ်သည်ကို လူသိရှင်ကြား ထုတ်ဖော်ခြင်းမရှိပေ။ ရေတပ်အနေဖြင့် အပြည့်အဝ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး အပြစ်ရှိကြောင်း တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ ရာထူးဂုဏ်ရှိန်ကြောင့် အကာအကွယ်ပေးခြင်း သို့မဟုတ် အထူးအခွင့်အရေး ပေးခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
Matichon သတင်းဌာန၏ နောက်ဆုံးရ သတင်းဖော်ပြချက်အရ မုဒိမ်းမှုကျူးလွန်သည်ဟုဆိုသူ ရေတပ်အရာရှိက ကျူးလွန်ခံရသည့် ထိုင်းအမျိုးသမီးငယ်ကို နစ်နာကြေးအဖြစ် ဘတ် ၁၈၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၆၀ ကျော်ခန့်) ပေးလျော်ရန် သဘောတူညီခဲ့ပြီးနောက် နစ်နာသူ အမျိုးသမီးသည် တိုင်ချက်ကို ပြန်လည်ရုပ်သိမ်းသွားခဲ့ကြောင်း သိရသည်။
Ref : The Thaiger
