၃၁.၁၂.၂၀၂၅.
Translated by Htwe Ko Tun
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဒီဇင်ဘာ ၃၀ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လုပ်ကြံဖို့ကြိုးပမ်းမှုလို့ခေါ်တဲ့ ပူတင်ရဲ့စံအိမ်တစ်ခုကို တိုက်ခိုက်ရန်ကြိုးပမ်းမှုအတွက် သူ့အပေါ် ရှုတ်ချခဲ့ကြတဲ့ အိန္ဒိယ၊ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နဲ့ တခြားနိုင်ငံတွေကို ဝေဖန်ပြောကြားခဲ့ပြီး ဒီနိုင်ငံတွေ အနေနဲ့ ယူကရိန်းမြို့တွေအပေါ် ရုရှားရဲ့ အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုတွေကိုတော့ လျစ်လျူရှုထားခဲ့ကြတာပဲလို့ ပြောခဲ့ပါတယ်။
“အိန္ဒိယ၊ ယူအေအီးနဲ့ တခြားနိုင်ငံတချို့လို တချို့နိုင်ငံတွေက ပူတင်ရဲ့နေအိမ်ကို ကျွန်တော်တို့ရဲ့ ဒရုန်း တိုက်ခိုက်မှုတွေအပေါ် ရှုတ်ချနေတာဟာ ရှုပ်ထွေးပြီး မနှစ်မြို့ဖွယ်ကောင်းပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကတကယ်လည်း မဖြစ်ခဲ့ပါဘူး” လို့ ဇယ်လန်စကီးက ယူကရိန်းသတင်းထောက်တွေနဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ ကလေးတွေကို ဗုံးကြဲတိုက်ခိုက်နေပြီး လူတွေ အချိန်တိုင်းသေဆုံးနေရတယ်ဆိုတဲ့အချက်ကို သူတို့ရဲ့ ရှုတ်ချမှုက ဘယ်မှာလဲ။ အိန္ဒိယနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ဆီကလည်း ဘာသံမှ မကြားမိပါလား” လို့ ဇယ်လန်စကီး က ပြောခဲ့ပါတယ်။
ရုရှားက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ယူကရိန်းဟာ နို့ဗ်ဂိုရော့ဒ် ဒေသက ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့နေအိမ်ကို မောင်းသူမဲ့လေယာဉ်ဒရုန်း ၉၁ စင်းနဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ရုရှားအာဏာပိုင်တွေက သူတို့ရဲ့ပြောဆိုချက်ကို ထောက်ခံဖို့ သက်သေအထောက်အထား တစ်စုံတစ်ရာ မပြသခဲ့ပါဘူး။
ယူကရိန်းက တိုက်ခိုက်မှုတစ်ခုလို့ စွပ်စွဲခံရတယ်ဆိုတဲ့ ပြောဆိုချက်ကို ငြင်းဆိုခဲ့ပြီး ဒါဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပျက်ပြားစေဖို့ ရုရှားရဲ့ နောက်ဆုံးကြိုးပမ်းမှုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်မှာပဲ လူမှုကွန်ရက် X မှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုနဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုကို ပြင်းထန်စွာ ရှုတ်ချပါသည်လို့ ရေးသားခဲ့ပါတယ်။
ယူအေအီးဟာ စစ်သုံ့ပန်းတွေ လွတ်မြောက်ရေးအတွက် ညှိနှိုင်းမှုတွေမှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ပေမယ့် ရုရှားနဲ့ နီးကပ်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ်တည်ရှိမှုကို ထိန်းသိမ်းထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ တိုက်ခိုက်မှု စွပ်စွဲချက်တွေအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း ရေးသားခဲ့ပြီး ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံစလုံးအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားဖို့ တိုက်တွန်းခဲ့ပါတယ်။ ပူတင်ဟာ ဒီဇင်ဘာလအစောပိုင်းမှာ အိန္ဒိယကို သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ နိုင်ငံရေး ဆက်ဆံရေး တိုးတက်လာမှုတွေကို ပြသခဲ့ပါတယ်။ အိန္ဒိယဟာ ၂၀၂၂ ခုနှစ်မှစလို့ ရုရှားရေနံကို အကြီးမားဆုံးဝယ်ယူသူတွေထဲမှ တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
Ref : Kyiv Independent
