


၃၀.၁၂.၂၀၂၅
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကြေးနီကန်ကျေးရွာအနီး၊ ပလိပ်- စကားအင်းလမ်းပေါ်မှာ Express ယာဉ်တစ်စီး မီးလောင်မှု ဒီနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်က ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက် ၆ နာရီ မိနစ် ၄၀ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကြေးနီကန်ကျေးရွာအနီး၊ ပလိပ်- စကားအင်းလမ်းပေါ်မှာ Express ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားတဲ့ သတင်းရရှိလို့ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ပလိပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတစ်ဦးက”ဘာကြောင့် လောင်ကျွမ်းခဲ့တယ် ဆိုတာတော့ ကျွန်တော်တို့အနေနဲ့ တာဝန်အရပြောခွင့်မရှိပါဘူး။ ကျွန်တော်တို့ဆီ သတင်းဝင်လာတယ်ဆို မိနစ် ၂၀ အတွင်း ကျွန်တော်တို့ လောင်ပြင်ကို ရောက်ရှိပါတယ်။ ပိုက်လိပ် သုံးလိပ်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး ကူညီငြှိမ်းသတ်ခဲ့တာမှာ မိနစ် ၂၀ လောက်မှာ ကားတစ်စီးလုံး မီးငြိမ်းပါတယ်။ လူထိခိုက်မှုလည်းမရှိခဲ့ပါဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ ယာဉ်က ဘယ်ယာဉ်လိုင်းက ဆိုတာကိုဖြေကြားဖို့ တာဝန်ရှိသူတွေက ငြင်းဆန်ထားပြီး ယာဉ်ပေါ်မှာ ခရီးသည် ၈ ဦးသာ ပါရှိကာ ခရီးသည်တွေကလည်း ညှော်နံ့ရတယ်ဆိုပြီး ကားရပ်ခိုင်းကာ ကားပေါ်က ဆင်းခဲ့တာကြောင့် ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။
