သက်တံ့
၃၁. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ သာယာဘူရိမြို့နယ်တွင် အင်္ဂါနေ့ (ဒီဇင်ဘာ ၃၀ ရက်) ည ၁၀ နာရီဝန်းကျင်ခန့်က ပစ်ကပ်ကားတစ်စီး လမ်းဘေးအတားအဆီးများကို တိုက်မိပြီး မြောင်းအတွင်းသို့ ထိုးကျသွားခဲ့ရာမှ မြန်မာနိုင်ငံသား ၆ ဦး သေဆုံးခဲ့သည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် အနီးနားရှိ ဒေသခံများက ရေထဲသို့ ခုန်ဆင်း၍ ကူညီခဲ့ကြသဖြင့် အသက်ရှင်ကျန်ရစ်သူ ၇ ဦး (အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး) ကို ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့သည်။ ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၂ ဦးကို လမ်လုက္ကာဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယာဉ်မောင်းအပါအဝင် မြန်မာလုပ်သား ၁၃ ဦးသည် ချောင်ဘူရီခရိုင်မှတစ်ဆင့် အလှူအတန်းပြုလုပ်ရန် (သို့မဟုတ်) ဘုရားဖူးသွားရန် ခရီးထွက်လာကြခြင်းဖြစ်ကြောင်း သိရသည်။


စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ယာဉ်မောင်းဖြစ်သူ၏ လမ်းကျွမ်းကျင်မှု မရှိခြင်းကြောင့်ဟု ယူဆရသည်။ ၎င်းသည် လမ်းဖြောင့်အတိုင်း မောင်းနှင်လာစဉ် မြောင်းကို ဖြတ်ကျော်သည့် မြေအောက်လှိုဏ်ခေါင်းအနီး လမ်းကွေ့သို့ ရောက်ရှိသောအခါ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရံထားသည့် အတားအဆီးများကို တိုက်မိကာ ရေထဲသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၃၁ ရက်သို့ကူးစ ညသန်းခေါင်ကျော်အချိန်တွင် ပေါ်တက်တွန်းဖောင်ဒေးရှင်းမှ ရေငုပ်သမားများသည် ကမ်းစပ်မှ ၁၅ မီတာခန့်အကွာ ရေအောက်တွင် နစ်မြုပ်နေသော ပစ်ကပ်ကားကို ရှာဖွေတွေ့ရှိခဲ့သည်။ ကားအတွင်း ပိတ်မိနေသည့် ရုပ်အလောင်း ၃ လောင်း (အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး) ကို ဆယ်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့် သေဆုံးသူ ၃ ဦးမှာ ကားတိုက်မှုဖြစ်စဉ်တွင် ကားပေါ်မှ လွင့်စင်ထွက်သွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆရသည်။
ကျန်ရှိနေသည့် ရုပ်အလောင်းသုံးလောင်းကို ရှာဖွေဆယ်ယူရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
Ref : Khaodsod

