သက်တံ့
၃၁. ၁၂. ၂၀၂၅
အချစ်သစ်နှင့် ပျော်နေသော ထိုင်းအမျိုးသမီးတစ်ဦးနှင့် သူမ၏ ရည်းစားအသစ်ကို ရည်းစားဟောင်း ထိုင်းအမျိုးသားက သေနတ်ဖြင့် ပစ်သတ်ပြီး ကျူးလွန်သူကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် အဆုံးစီရင်သွားမှု ထိုင်းနိုင်ငံတွင် ယနေ့ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်အစ ကနဦးတွင် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ Bo Thong ရဲစခန်းမှ ဒုရဲအုပ် Pichamon Sata သည် ဒေသတွင်းရှိ စက်သုံးဆီဆိုင်တစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း ယနေ့ (ဒီဇင်ဘာ ၃၁ ရက်) နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင် သတင်းရရှိခဲ့သည်။ သတင်းရရှိချင်း ရဲတပ်ဖွဲ့ဝင်များသည် Bo Thong ဆေးရုံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ အခင်းဖြစ်ပွားရာသို့ ချက်ချင်းသွားရောက်ခဲ့ကြသည်။
◾️ အခင်းဖြစ်နေရာ ရှာဖွေတွေ့ရှိချက်များ
ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ ဆီဆိုင်ရပ်နားကွင်းရှိ ကော်ဖီဆိုင်အနီးတွင် သေနတ်သမားဟု ယူဆရသူ အသက် ၃၀ အရွယ် မစ္စတာ ဝက်ခ်ဆန် (Weksan) ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ ၎င်းသည် ညာဘက်နားထင်ကို သေနတ်ဖြင့် ပစ်ခတ်ထားသော ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်သည်။ ၎င်း၏ အလောင်းအနီးတွင် ၉ မမ (9mm Sig Sauer) ပစ္စတိုသေနတ်တစ်လက်၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျည်ခွံ ၁၄ ခုတို့ကို မြေပြင်ပေါ်တွင် ပြန့်ကျဲလျက် တွေ့ရှိခဲ့ရသည်။
ထို့ပြင် အခင်းဖြစ်နေရာတွင် ရပ်ထားသော ချာချိုအန်ဆောင် (Chachoengsao) လိုင်စင်နံပါတ်ပါရှိသည့် တိုယိုတာဆီဒင်ကားအတွင်း၌ အသက် ၃၁ နှစ်အရွယ် မစ္စအမွန်ရတ် (Ms. Amonrat) ဆိုသူ အမျိုးသမီးသည် ကားမောင်းသူနေရာတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
◾️ ဒဏ်ရာရရှိသူနှင့် လက်ရှိအခြေအနေ
တတိယမြောက် နစ်နာသူဖြစ်သော အသက် ၃၂ နှစ်အရွယ် မစ္စတာ နော့ပါဒိုး (Mr. Noppadol) ဆိုသူ အမျိုးသားကိုမူ ကားထဲမှ တစ်ဝက်တစ်ပျက် ပြုတ်ကျလုနီးပါး အနေအထားဖြင့် တွေ့ရှိခဲ့သည်။ ၎င်းသည် ဦးခေါင်းနှင့် ဘယ်ဘက်လက်မောင်းတို့တွင် သေနတ်ဒဏ်ရာများ ရရှိထားပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များက Bo Thong ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သည်။ လက်ရှိတွင် ၎င်းသည် ကိုမာဝင် သတိမေ့မြောနေပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အနီးကပ်စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။
◾️ မျက်မြင်သက်သေနှင့် ဆွေမျိုးများ၏ ထွက်ဆိုချက်
သေနတ်သမား၏ သူငယ်ချင်းဖြစ်သူ မစ္စတာ ဆိုရာဝတ် (Mr. Sorawut) က ရဲတပ်ဖွဲ့ကို ပြောပြရာတွင် ၎င်းသည် ဝက်ခ်ဆန်ကို Isuzu ပစ်ကပ်ကားဖြင့် ဆီဆိုင်သို့ လိုက်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏သူငယ်ချင်းသည် မုန့်ဝယ်ချင်ရုံသက်သက်ဟုသာ ထင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် အိမ်သာအနီးမှာ ကားရပ်လိုက်တဲ့အချိန် ဝက်ခ်ဆန်က သူ့ရည်စားဟောင်းရဲ့ကားကို တွေ့သွားပြီး အဲဒီနားကို အပြေးအလွှား သွားခဲ့တယ်။ သူ့ရည်စားဟောင်းက အမျိုးသားအသစ်တစ်ယောက်နဲ့အတူ ရှိနေတာကို တွေ့လိုက်တဲ့အခါ သူအရမ်း ဒေါသထွက်သွားတယ်။ အဲဒီနောက် သေနတ်ထုတ်ပြီး သူတို့နှစ်ယောက်လုံးကို ပစ်ခတ်ခဲ့ကာ သူ့ကိုယ်သူလည်း အပြစ်ရှိစိတ်ကြောင့် ပြန်လည်ပစ်ခတ်ပြီး အဆုံးစီရင်သွားတာပါ” ဟု ဆိုရာဝတ်က ရှင်းပြသည်။
သေနတ်သမား၏ ညီမဖြစ်သူ မစ္စယောဝလက် (Ms. Yaowalak) ကလည်း ထိုနေ့ညဦးပိုင်းက သူမ၏အစ်ကိုသည် အိမ်တွင်ရှိနေခဲ့ကြောင်း ပြောခဲ့သည်။ သူမ၏ အယူအဆအရ အစ်ကိုဖြစ်သူသည် ၎င်း၏သူငယ်ချင်းအား မုန့်ဝယ်ရန် အကြောင်းပြ၍ ဆီဆိုင်သို့ လိုက်ပို့ခိုင်းခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ရည်စားဟောင်းနှင့် ညှိနှိုင်းရန် သို့မဟုတ် စကားရှင်းရန် ရည်ရွယ်ခဲ့ပုံရသော်လည်း အခြားအမျိုးသားတစ်ဦးနှင့် တွေ့လိုက်ရချိန်တွင် စိတ်ကိုမထိန်းချုပ်နိုင်ဘဲ ယခုကဲ့သို့ ကြေကွဲဖွယ် ဖြစ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့သည့် အမှုတွဲကို ပိတ်သိမ်းနိုင်ရန်နှင့် ဖြစ်စဉ်အမှန်ကို သိရှိနိုင်ရန် ဆက်လက် စစ်ဆေးနေသည်ဟု သိရသည်။
Ref : The Thaiger
