◾️ ဒီမိုကရေစီထွန်းကားသည့် နိုင်ငံများ၌ပင် မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်း မကျော်သည့်အခြေအနေတွင် မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ရှိခဲ့ခြင်းက အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ခဲ့ကြောင်းပါ ပြောကြား
၃၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲ ပထမပိုင်းတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ ၁၁ သန်းခွဲကျော်ရှိပြီး လာရောက်မဲပေးသူ ၆ သန်းကျော် (၅၂ ရာခိုင်နှုန်းကျော်) အထိ လာရောက်မဲပေးခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိအစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အာဏာရအစိုးရနှင့် NLD ပါတီတို့၏ မဲမသမာမှုများကြောင့် နိုင်ငံတော်လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ် ပျက်ယွင်းမသွားစေရန်၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ် ဖြစ်ပေါ်မလာစေရန်အတွက် နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာ ရယူခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ စတင်တာဝန်ယူစဉ်ကတည်းက ဦးတည်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ရာမှာ ပြည်သူလူထု လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်အကောင်အထည်ဖော်ဖို့ အာမခံခဲ့ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးဖို့ အစဉ်အမြဲ ဦးတည်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်အရ နိုင်ငံတော်၏တာဝန်ရယူပြီး နှစ်နှစ်ပြည့်မြောက်ပြီးသည့်အချိန်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ဖြစ်သည်။

“ဒါပေမဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ EAO အဖွဲ့အချို့နဲ့ PDF အမည်ခံအကြမ်းဖက်တို့ရဲ့ ပြည်သူလူထုနဲ့ နိုင်ငံတော်အပေါ်မှာ ပစ်မှတ်ထားပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှု၊ စစ်ရေးအရ တိုက်ခိုက်ခဲ့မှုတွေကြောင့် နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုများ ပျက်ပြားခဲ့ရပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အခြေအနေ ဆုံးရှုံးခဲ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူကို ကတိပေးထားသည့်အတိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အထူးအလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် နိုင်ငံတည်ငြိမ်အေးချမ်းရေး အားစိုက်ပြီး ဆောင်ရွက်ခဲ့ရသလို လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အခြေခံလိုအပ်ချက်များကိုလည်း အလေးထားပြင်ဆင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး အခြေခံမဲစာရင်းများ ခိုင်မာအောင် လုပ်ဆောင်ခဲ့ရကြောင်း၊ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပထမပိုင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဒုတိယပိုင်းနှင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် တတိယပိုင်းအဖြစ် သုံးသုတ်ခွဲခြား ကျင်းပရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ပထမပိုင်းကို အောင်မြင်စွာ ကျင်းပခဲ့ပြီဖြစ်ပြီး ယင်းကဲ့သို့ ကျင်းပခဲ့ရာတွင် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်အချို့ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်နှုတ်ပြောကြားခဲ့ရာ ရွေးကောက်ပွဲအတွက် မဲစာရင်းကို (၃)ကြိမ်ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံးမဲပေးနိုင်သည့် မဲဆန္ဒရှင်ပေါင်း ၂၄,၂၆၁,၂၉၃ ဦး (၂၄ သန်း) ကျော်ရှိခဲ့ကြောင်း ပြောကြားသည်။
ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ (၅၇) ပါတီရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ (၆)ပါတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း ပါဝင်ယှဉ်ပြိုင်တဲ့ပါတီ (၅၁)ပါတီ ရှိခဲ့ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄,၈၆၃ ဦးရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အခုကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ မြို့နယ် (၁၀၂)မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြုလုပ်ရမယ့်မြို့နယ် (၃၃၀) မြို့နယ်ရှိတဲ့အတွက် မြို့နယ် သုံးပုံတစ်ပုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲပေးနိုင်တဲ့မဲဆန္ဒရှင် ၁၁,၆၉၂,၁၄၄ ဦးရှိပြီး မဲပေးခဲ့တဲ့မဲဆန္ဒရှင် ၆,၀၉၅,၅၁၁ ဦး(ခြောက်သန်းကျော်)ရှိခဲ့ပြီး ဆန္ဒမဲပေးတဲ့ရာခိုင်နှုန်း ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း မဲပေးခဲ့ပါတယ်။ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာတောင် မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်းမကျော်တဲ့အခြေအနေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ရှိခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်အတွက် အားရဂုဏ်ယူဖွယ်ဖြစ်ပြီး အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်ခဲ့ကြောင်း ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမအကြိမ် ပါလီမန်ရွေးကောက်ပွဲကို လွတ်လပ်ရေးရပြီး လေးနှစ်ကျော်အကြာ ၁၉၅၁ ခုနှစ် ဇွန်လတွင် ကျင်းပနိုင်ခဲ့ပြီး နိုဝင်ဘာလအထိ ငါးလအကြာ ကျင်းပခဲ့ရကြောင်း၊ ယခုကဲ့သို့ပင် အပိုင်း(၃)ပိုင်းခွဲ ကျင်းပခဲ့ရပြီး အပိုင်းတစ်ပိုင်းကို ၇ ရက်မှ ၁၀ ရက်အထိကြာအောင် လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အဲဒီတုန်းကတော့ တစ်နိုင်ငံလုံး မဲပေးနိုင်တဲ့သူဦးရေ လူဦးရေ ၈ သန်းရှိပြီး အပိုင်းသုံးပိုင်းလုံးမှာ မဲပေးသူစုစုပေါင်း (၁ ဒသမ ၅ သန်း) ရှိခဲ့ပါတယ်။ မဲပေးသူ ၁၈ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ကြောင်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားသည်။
