၃၁.၁၂.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာကွေ့မီးပွိုင့်အနီး၊ အမှတ်(၄)လမ်းမကြီးတွင် မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ မီးပွိုင့်မိ၍ ရပ်ထားသော YBS -65 ခရီးသည်တင်ယာဥ်ကို ဝင်တိုက်ရာမှ အမျိုးသားတစ်ဦးသေဆုံးမှု ဒီဇင်ဘာလ ၃၀ ရက် ည ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ အင်းစိန်ဘက်မှ မှော်ဘီဘက်သို့ အသက် ၂၁ နှစ်အရွယ် အမျိုးသား မောင်းနှင်လာသော SOJEN အမျိုးအစားအဖြူရောင်မော်တော်ယာဥ်မှာ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဖြစ်ပြီး ရွှေပြည်သာကွေ့မီးပွိုင့်တွင် မီးပွိုင့်မိ၍ရပ်စောင့်နေသော YBS -65 ခရီးသည်တင်ယာဥ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။







ယာဥ်တိုက်မှုကြောင့် SOJEN အမျိုးအစားအဖြူရောင်ကား၏ခေါင်းခန်းတွင် ညပ်နေသော ယာဥ်မောင်းအမျိုးသားကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ၅ မိနစ်ခန့်ကြာ ကယ်ထုတ်ခဲ့ပြီး အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေစဥ် သေဆုံးခဲဲ့ကြောင်း သိရသည်။
သေဆုံးသူ ယာဥ်မောင်း ကိုဇေယျာအောင်မှာ ရွှေမေတ္တာလူမှုကူညီရေးအသင်း၏ အသင်းသား တစ်ဦးလည်းဖြစ်ပြီး အသင်းမှ နားကာ လုပ်ငန်းခွင်ဝင်နေစဥ် ယာဥ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသင်းတွင် ရှိစဥ်က မိသားစုသဖွယ်အားကိုးရပြီး လူနာကူညီခြင်း၊ မြွေဖမ်းခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော ကူညီမှုများတွင်လည်း ပါဝင်ကူညီခဲ့သူဖြစ်ကြောင်း၊ ယခုကဲ့သိို့ ယာဥ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ မရွှေလဲ့က လူမှုကွန်ရက်တွင် ရေးသားထားသည်။
