
၃၀.၁၂. ၂၀၂၅
Written by Thiri
တောင်ငူတက္ကသိုလ်သတ္တဗေဒဌာနကနေ
တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူတွေအတွက် ကျွမ်းကျင်မှုအတတ်ပညာ (Job–Ready Skills) သင်တန်း လျှောက်လွှာတွေ ခေါ်ယူလျက်ရှိပြီး သင်ကြားပို့ချမယ့် သင်တန်းက “စီးပွားဖြစ်အကျိုးပြု Superworm အင်းဆက်သားလောင်းများ မွေးမြူခြင်း” သင်တန်းလို့ သိရပါတယ်။
Superworm အင်းဆက်ဆိုတာက ဒေသအခေါ် ဝါးပိုးလို့ ခေါ်ကြပြီး တိရိစ္ဆာန်အစာအဖြစ်မွေးမြူသလို လူတွေလည်း သွားရေစာအဖြစ်စားသုံးတဲ့ အင်းဆက်တစ်မျိုးဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်စားသုံးကြပြီး မြန်မာပြည်မှာလည်း ရှမ်းပြည်နယ်ရဲ့ ဒေသထွက်နဲ့ ရိုးရာ အစားအစာအဖြစ် ထင်ရှားပါတယ်။
အဆိုပါ အင်းဆက်မွေးမြူခြင်း သင်တန်းကို
တောင်ငူတက္ကသိုလ်၊ သတ္တဗေဒဌာနမှာ လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲမအောင်မြင်သူတွေအတွက် စီးပွားဖြစ် အသက်မွေးနိုင်မယ့် ကျွမ်းကျင်မှုအတတ်ပညာသင်တန်းဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကိုလျှောက်ထားနိုင်သူတွေက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ပြီး၊ အနိမ့်ဆုံးအရည်အချင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖူးသူဖြစ်ရမယ်လို့ ပါရှိကာ အသက်အရွယ် ကန့်သတ်ချက်မရှိဘူးလို့လည်း သိရပါတယ်။ သင်တန်းကာလမှာ (၃) လဖြစ်ပြီး လက်ခံ သင်ကြားပေးမယ့် သင်တန်းသားဦးရေမှာ (၄၀) ဦးလို့ သိရပါတယ်။
သင်တန်းဖွင့်လှစ်မယ် အချိန်တွေက တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိဖြစ်ကာ ၂ဝ၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှာ စတင်ဖွင့်လှစ်မယ်လို့ ကြေညာထားပါတယ်။ သင်တန်းကြေးမှာ ကျပ်ကိုးသောင်းတိတိဖြစ်ပြီး အသေးစိတ်သိရှိလိုပါက တောင်ငူတက္ကသိုလ်၊ သင်တန်းရေးရာဌာန၊ ဖုန်း-၀၉-၆၆၆၄၇၄၈၆၆ နှင့် ၀၉-၆၆၂၅၅၅၈၂၉ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။
