နေမိုး
၃၀.၁၂. ၂၀၂၅
ငါန်းဇွန်မြို့နယ်၊ စီတောင်းရွာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး မိသားစုဝင်သုံးဦးကို PDF များက ရက်စက်စွာ သုံးလောင်းပြိုင်သတ်ဖြတ်လိုက်သည့်အပြင် ဖုန်းနှင့်ဆိုင်ကယ်ပါ လုယက်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုည သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ စီတောင်းကျေးရွာ၌ PDF များက ဓား၊ သေနတ်များဖြင့် ထိုးခုတ်ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက် ည ၁၀ နာရီ ၅၀ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ စီတောင်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်/ကျေးရွာစည်းရုံးရေးမှူး ဦးဝင်းသိန်း(၆၀)နှစ်သည် ၎င်း၏သမီးဖြစ်သူ ဒေါ်ဇာနည်သိန်း(၃၅)နှစ်၊ သားမက်ဖြစ်သူ ဦးကျော်ထက်အောင်(၃၃)နှစ် တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဓား၊ သေနတ်များဖြင့် ထိုးခုတ်ပစ်ခတ် သတ်ဖြတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်း သုံးလုံးနှင့် ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့ သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ပြီး ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးခဲ့သည်။
