၃၀ .၁၂. ၂၀၂၅
Written by Thiri
ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၆၀၀၀ ကျော်ရှိတဲ့အနက် လူဦးရေ ၉၀၀၀ ကျော်သာ လာရောက်မဲပေးခဲ့လို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူရဲ့ လေးပုံတစ်ပုံသာ လာရောက်မဲပေးခဲ့တဲ့အခြေအနေ ဖြစ်တယ်လို့ အလုံမြို့နယ် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးခိုင်မောင်ရည်က ဆိုပါတယ်။
အလုံမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးကုဋေထွန်းက မဲအရေအတွက် ၃၂၀၀ကျော်ရရှိကာ၊ တစ်သီးပုဂ္ဂလအနေနဲ့ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးခိုင်မောင်ရည်က ဒုတိယနေရာကနေ မဲအရေအတွက် ၂၆၀၀ ကျော်ရရှိခဲ့တာပါ။
“ဘာပဲပြောပြော ကျေနပ်ပါတယ်။ ပြည်သူတွေမှာလည်း ဒွိဟတွေရှိမှာပေါ့။ တချို့မဲရုံတွေမှာ ကျွန်တော်နိုင်နေတာတွေရှိခဲ့တယ်။ အဲ့ဒီအတွက် မဲဆန္ဒရှင်ပြည်သူတွေကို ကျေးဇူးတင်ရပါတယ်။ မဲပေးသူ ၉၀၀၀ ကျော်မှာ အနိုင်ရသူက ၃၂၀၀ ကျော်။ ကျွန်တော်က ၂၆၀၀ ကျော်မို့ ၆၀၀ ကျော်နဲ့ ကျွန်တော်ကျန်ခဲ့တယ်ပေါ့ ။အဓိက က ကြိုတင်မဲတွေကို မယှဉ်နိုင်တာပါ။ ဒါတောင် ကြိုတင်မဲ ၈၀၀ ကျော်မှာ ကျွန်တော် ၁၆၀ ကျော် ရထားတာမို့ ဘာပဲပြောပြော နိုင်ငံရေးအရ ကျွန်တော်နိုင်တယ်လို့ သတ်မှတ်ထားပါတယ်” လို့ အလုံမြို့နယ် ပြည်သူလွှတ်တော်နေရာကို တစ်သီးပုဂ္ဂလ ဝင်ရောက် ရွေးကောက်ခံတဲ့ ဦးခိုင်မောင်ရည်က MT News ကို ပြောပါတယ်။

အလုံမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးကုဋေထွန်းက မဲအရေအတွက် ၃၂၅၉ မဲနဲ့ အနိုင်ရရှိထားပြီး တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးခိုင်မောင်ရည်က ၂၆၅၅ မဲနဲ့ ဒုတိယနေရာမှာ ရှိကာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာက ဝင်ရောက်ယှဉ်ပြိုင်တဲ့ းဦးခွန်သာက ၁၇၄၃ မဲနဲ့ တတိယ၊ ပြည်သူ့ပါတီမှ ဦးရဲကျော်စွာက ၁၃၄၀ နဲ့ စတုတ္ထ ရရှိကာ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးလင်းမောင်မောင်သိန်းက ၉၉၁ မဲနဲ့ ပဉ္စမနေရာမှာ ရှိခဲ့တာဖြစ်ပါတယ်။
