၃၀.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သည့် အသက် ၈၀ နှစ်ရှိ ခါလီဒါ ဇီယာမှာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်အမြစ်ယောင်ယမ်းခြင်း၊ အသည်းခြောက်ခြင်းနှင့်ကျောက်ကပ်ရောဂါများ အပါအဝင် ကျန်းမာရေးပြဿနာဝေဒနာများစွာကို ကြာမြင့်စွာခံစားနေခဲ့ရပြီးနောက် ကုသမှုခံယူနေချိန်မှာပင် ဒီဇင်ဘာလ ၃၀ ရက် နံနက် ၆ နာရီတွင် ဒက်ကာမြို့ရှိ Evercare Hospital ဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ခါလီဒါဇီယာ ကွယ်လွန်ကြောင်း ၎င်း၏ ပုဂ္ဂိုလ်ရေးဆရာဝန် ပါမောက္ခ အေဇက်အမ် ဇာဟစ်ဟော့စိန်က အတည်ပြုပြောကြားခဲ့သည်။ ခါလီဒါဇီယာမှာ အသက်ရှူရခက်ခဲမှုများ ပြင်းထန်စွာခံစားလာရ၍ ကုသမှုများနှင့် ဆေးစစ်မှုများပြုလုပ်ရန် နိုဝင်ဘာလ ၂၃ ရက်မှစ၍ ထိုဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
၎င်း၏ကျန်းမာရေးအခြေအနေက နိုဝင်ဘာလ ၂၇ ရက်တွင် ပိုမိုဆိုးဝါးလာ၍ ဆေးရုံ၏ နှလုံးရောဂါဆိုင်ရာ အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ဒီဇင်ဘာလ ၃၀ ရက် နံနက်အစောပိုင်းနာရီများတွင်မူ ၎င်းအားကုသနေသောကျန်းမာရေးဘုတ်အဖွဲ့က အခြေအနေမှာ အထူးစိုးရိမ်ရသော အနေအထားသို့ ရောက်လာပြီဟု သုံးသပ်ခဲ့ကြကြောင်း ဟော့စိန်က ပြောခဲ့သည်။
ခါလီဒါ ဇီယာ၏ သားဖြစ်သူ တာရစ် ရာမန် အပါအဝင် မိသားစုအဖွဲ့ဝင်များမှာ ဒီဇင်ဘာလ ၂၉ ရက်ညကပင် ဆေးရုံသို့ရောက်ရှိနေခဲ့ကြသည်။ ပြည်တွင်းနှင့်နိုင်ငံခြားအထူးကုများအပါအဝင် ဆေးပညာရှင်များက ဝိုင်းဝန်းကုသနေသော်လည်း သူမ၏ ကျန်းမာရေးက တစ်စတစ်စ ပျက်စီးဆိုးဝါးလာခြင်းလည်းဖြစ်သည်။
သူမကို အဆင့်မြင့်ကုသမှုခံယူရန် ပြည်ပသို့ခေါ်ဆောင်သွားရန် အစီအစဉ်များကို စဉ်းစားခဲ့ကြသော်လည်း အားနည်းသောကျန်းမာရေးအခြေအနေကြောင့် ခရီးသွားရန် မဖြစ်နိုင်ဘဲ ပယ်ဖျက်ခဲ့ကြရသည်။
ခါလီဒါဇီယာက ၁၉၉၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိနှင့် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သည်။
Ref : Dhaka Tribune

