၃၀.၁၂.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း နိုဗိုဂိုရော့ဒ် ဒေသအတွင်းရှိ သမ္မတအိမ်တော်ကို ပစ်မှတ်ထားပြီး ညအချိန် မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုတစ်ခုကို ယူကရိန်းဘက်က ပြုလုပ်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ကဒီဇင်ဘာလ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
လက်ဗ်ရော့ဗ်က “ဒီဇင်ဘာ ၂၈-၂၉ ရက်ညတွင် ယူကရိန်းအစိုးရသည် ရုရှားဖက်ဒရေးရှင်းသမ္မတရဲ့ နိုင်ငံတော်အိမ်တော်ကို တာဝေးပျံသန်းတိုက်ခိုက်နိုင်တဲ့ မောင်းသူမဲ့လေယာဉ် ၉၁ စင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တာပဲ” လို့ ပြောခဲ့တာပါ။
ဒါ့ပြင် လက်ဗ်ရော့ဗ်က ဝင်ရောက်လာတဲ့ မောင်းသူမဲ့လေယာဉ်အားလုံးကို ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေက ပစ်ချခဲ့ပြီး မောင်းသူမဲ့လေယာဉ်အပျက်အစီးတွေကြောင့် ထိခိုက်သေဆုံးမှု ဒါမှမဟုတ် ပျက်စီးဆုံးရှုံးမှုတွေမရှိခဲ့ဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ ရုရှား-အမေရိကန် အပြင်းအထန် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတုန်းမှာပဲ ခုလို တိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ လက်ဗ်ရော့ဗ်က အလေးပေးပြောကြားခဲ့ပါတယ်။
လက်ရော့ဗ်က ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေက တန်ပြန်တိုက်ခိုက်မှုတွေလုပ်ဖို့အတွက် ပစ်မှတ်တွေကို သတ်မှတ်ပြီးဖြစ်တဲ့အပြင် ဒီလို မဆင်မခြင်လုပ်ရပ်တွေအတွက် တုံ့ပြန်မှုအပြင် တခြားနည်းလမ်း အဖြေမရှိဘူးလို့ သတိပေးခဲ့ပါသေးတယ်။ ဒါပေမယ့် သူက ခုလိုတိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ ညှိနှိုင်းမှုလုပ်ငန်းစဉ်မှ နုတ်ထွက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးကတော့ တိုက်ခိုက်မှုစွပ်စွဲချက်ကို ဒီဇင်ဘာလ ၂၉ ရက်မှာ မမှန်ကန်ဘူးလို့ ငြင်းဆိုခဲ့ပြီး ဒါက ရုရှားဖက်ဒရေးရှင်းမှ နောက်ထပ်လိမ်ညာမှုတစ်ခုလို့ ခေါ်ဆိုခဲ့ပါတယ်။ သူက ဒီလိုပြောဆိုချက်တွေက တကယ်တော့ ကိအက်ဗ်မြို့အပါအဝင် ရုရှားရဲ့ ယူကရိန်းအပေါ်တိုက်ခိုက်မှုတွေကို မျှတတယ်လို့ ဖုံးကွယ်ဖို့လိမ်ညာတာဖြစ်တဲ့အပြင် စစ်ပွဲကိုအဆုံးသတ်ဖို့ လိုအပ်တဲ့ဆောင်ရွက်မှုတွေကို ငြင်းဆန်ဖို့ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref : Xinhua
