၃၀.၁၂.၂၀၂၅
Written by Hey Mar
မနက်အစောပိုင်း ဆိုင်ကယ် ကယ်ရီအငှားလိုက်ရာက လည်ပင်းလှီးဖြတ်သွားတဲ့ဖြစ်စဉ် ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က မအူပင်မြို့၊ အိုင်ဝိုင်းစာသင်ကျောင်းအနီးမှာ လည်ပင်းသွေးထွက်ဒဏ်ရာတွေနဲ့ လဲကျနေသူ အမျိုးသားတစ်ဦးကို မနက်ခင်း လမ်းလျှောက်သူတချို့က တွေ့မြင်ပြီး လူနာတင်ယာဉ် အမြန်ဆက်သွယ်ခေါ်ယူခဲ့တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ လူမှုကူညီရေးအသင်းက သတင်းပို့ကာ အမြန်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ရပ်ဆီအရောက် လူနာမှာ လည်ပင်းလှီးဖြတ်ဒဏ်ရာပြင်းထန်ပြီး သွေးထွက်များနေတာကြောင့် ရဲဆေးစာနဲ့ ဆေးရုံတင်ပို့ပေးပြီး လူနာရှင်မိသားစုကို စုံစမ်းရာ လူနာမှာ မအူပင်မြို့ ကာယကရုဏာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးသန်းဝင်း ဖြစ်ပြီး ဆိုင်ကယ် ကယ်ရီလည်း ရံဖန်ရံခါ အငှားလိုက်တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ် ဖြစ်တဲ့ မနက်က ဆိုင်ကယ် ကယ်ရီလာငှားလို့ လိုက်ပို့ရင်း ငှားသူက သူ့ကို လည်ပင်းလှီးဖြတ်ရန်ပြုသွားပေမယ့် ဆိုင်ကယ်အပါအဝင် ဖုန်း၊ ငွေကြေး ဘာပစ္စည်းမှ ယူမသွားဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူ ထံကနေ သိရပါတယ်။
သေဆုံးသူ မိသားစုနဲ့ နီးစပ်သူက “နောက်ကနေ လည်ပင်းကိုလှီးသွားတာမို့ သွေးပြန်ကြောရော၊ လေပြွန်ရော ပြတ်သွားတယ်။ ဆေးရုံအချိန်မီရောက်တယ်။ ကုသနိုင်တယ်။ ဆရာဝန်တွေလည်း ခွဲစိတ်ကုသပေးပြီးနေပြီ။ ဒါပေမယ့် မနက် ကိုးနာရီလောက်မှာ ဆုံးတယ်။ သူ့ကို လုယက်တယ်လို့လည်းပြောလို့မရဘူ ဘာမှ မယူသွားဘူး ။ တရားခံလည်းမမိသေးပါဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
