နေမိုး
၃၀. ၁၂. ၂၀၂၅
ပဲခူးမြို့နယ်၊ ဝါးပိုင်းကျေးရွာကို ပဲခူး PDF များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝါးပိုင်းကျေးရွာသို့ PDF များ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးစိုးမင်းထွန်း(၃၅)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦး(၄၅)နှစ်နှင့် ၎င်းကျေးရွာသို့ ရောက်ရှိနေသည့် ဝါးပြန်ကုန်း ကျေးရွာနေ ဦးကျော်မင်းစိုး(၃၇)နှစ်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ပဲခူးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
