◾ ယာယီသမ္မတထံ ရွေးကောက်ပွဲ လာရောက်လေ့လာခဲ့သည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ လာရောက်ဂါဝပြုပြီး လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေး
၂၉. ၁၂. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနေမှုကို လာရောက်လေ့လာခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခဲ့မှုကို နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူ လေ့လာခဲ့ရမှုနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လွတ်လပ်တက်ကြွစွာဖြင့် ဆန္ဒမဲများပေးနေမှုကို မျက်မြင်တွေ့ရှိခဲ့ရမှုအခြေအနေများ၊ ရွေးကောက်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ထွက်ပေါ်လာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ကျန်ရှိနေသည့် မြို့နယ်များအား အပိုင်းအလိုက် ဆက်လက် ကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှု အခြေအနေများ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။





ထို့အပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ကာကွယ်ရေးကဏ္ဍ၊ စီပွားရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ယာယီသမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။
