MT News
၂၉. ၁၂. ၂၀၂၅
နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ လွယ်ကူစေရန်နှင့် ရက်ရှည်အနားယူ အပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များကြားရှိ ရုံးဖွင့်ရက်များကို တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသွားခဲ့ပြီး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ် ပေးခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက် (တနင်္ဂနွေနေ့)တို့ကြားရှိ ဒီဇင်ဘာ ၂၆ ရက်ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ကာ တစ်ဆက် တည်းရုံးပိတ်ရက် ၄ ရက်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်(စနေနေ့)ကို အစားထိုးရုံးတက်ရက်အဖြစ် သတ်မှတ်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်(စနေနေ့)သည် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့ရုံးပိတ်ရက်အကြားရှိ ကြားရက်ဖြစ်နေခြင်း၊ နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်ကာလနှင့် တစ်ဆက်တည်းဖြစ်နေခြင်း၊ လွတ်လပ်ရေးနေ့အကြို ကာလ ဖြစ်နေခြင်းတို့ကြောင့် စနေနေ့အစားထိုးရုံးတက်ရက်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်(စနေနေ့) အစား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်(စနေနေ့)ကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရှိရသည်။
