၂၉.၁၂.၂၀၂၅
Written By Thandar
ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပတဲ့ ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်ပွဲမှာ အကယ်ဒမီရွှေစင်ရုပ်တုကိုင်ဆောင်မယ့် ရွှေကြိုမောင်မယ်တွေ ဒုတိယအဆင့်ပြိုင်ပွဲဝင် ၁၀၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။





“ဒီနှစ် ရွှေကြိုမောင်မယ် ဒုတိယအဆင့် ကလေးတွေကတော့ ကြိုးစားချင်စိတ်တွေ တွေ့ရတယ်။ ယောကျ်ားလေး၊ မိန်းကလေးတွေက ရွှေကြိုကနေ ယောကျ်ားလေးဆိုရင် မင်းသားဖြစ်ချင်ကြတယ်ဆိုတော့ သူတို့ ခြေလှမ်းစတဲ့ဟာလေးတွေကိုလည်း အားပေးပါတယ်။ ဒါပေမယ့် ဘာအားနည်းလဲဆိုတော့ မင်းသားအ ကြောင်း၊ မင်းသမီးအကြောင်းပဲသိတယ်။ ရုပ်ရှင်လောကရဲ့ အကြောင်းတွေကို သိပ်မသိကြဘူး။ သူတို့ လေ့လာအား အရမ်းနည်းတယ်။ ဒါကတော့ စိတ်မကောင်းစရာပါပဲ။ ရွေးချယ်ခံရသူတွေ အဆင့်ဆင့်တွေကျန်သေးတာမို့ ကြိုးစားကြပါလို့ ပြောချင်ပါတယ်”လို ရွှေကြိုအကဲဖြတ်အဖွဲဝင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ ရွှေကြိုမောင်မယ် ဒုတိယအဆင့်မှာ ဒိုင်အဖြစ်မေတ္တာနဲ့ ဆောင်ရွက်ပေးခဲ့ကြတဲ့သူတွေက အကယ်ဒမီများရှင် ရန်အောင်၊ အကယ်ဒမီများရှင် မေသန်းနု၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီငြိမ်းမင်း၊ ဒါရိုက်တာ မောင်သီ၊ ဒါရိုက်တာ ဦးဟိန်းစိုး၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်၊ ဦးသန်းဌေး(Triple six ထုတ် လုပ်ရေး)၊ သရုပ်ဆောင်လှမျိုးသဉ္ဇာနွယ်၊ ဒါရိုက်တာ ညိုမင်းလွင်တို့က ပါဝင်စည်းကမ်းတကျ ပူးပေါင်း ဆောင် ရွက်ပေးကြတာလည်းဖြစ်ပါတယ်။





ရွှေကြိုလျှောက်ထားသူ လူဦးရေ အယောက် ၂၅၀ နီးပါးရှိပြီး ဒုတိယအဆင့်မှာ လူဦးရေ ၁၀၄ ဦးကို အပိုင်း ၂ ပိုင်းခွဲပြီး ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မကြာခင် ရက်ပိုင်းမှာ တတိယအဆင့် ရွေးချယ်ခံရသူတွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ကျင်းပမယ့် ရွှေကြိုရွေးချယ်ခံရသူ ရွှေကြိုမောင်မယ်တွေကိုတော့ အတွဲ ၁၀ တွဲ (သို့) အတွဲ ၇ တွဲလောက် ရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။
