၂၉.၁၂.၂၀၂၅
Written by Nay Yaung Lin
မရမ်းကုန်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသက်ခိုင်ဝင်း အနိုင်မဲ ရလဒ်ရရှိခဲ့ပြီး ဒုတိယနေရာတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့ ရပ်တည်ခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၂၉ ရက်တွင် သိရှိရသည်။
မရမ်းကုန်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသက်ခိုင်ဝင်းက ဆန္ဒမဲစုစုပေါင်း ၁၉၀၀၀ ကျော်၊ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့က ၆၃၀၀ မဲဝန်းကျင်၊ PPP ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မေသူဝင်းက ၄၂၀၀ ခန့်၊ ပြည်သူ့ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းလဲ့လဲ့မျိုးက ၃၇၀၀ ခန့်၊ ကျားဖြူပါတီမှ ဦးဇော်ထွန်းက ၂၃၀၀ မဲခန့်ရရှိခဲ့ပြီး အစဉ်လိုက်ရပ်တည်နေကြောင်း ကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့က ပြောကြားသည်။




တစ်သီးပုဂ္ဂုလကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့က “သူတို့ (မြို့နယ် ရွေးကောက်ပွဲကော်မရှင်) က မနက်က ဖုန်းဆက်တယ်။ ဆရာမရေ လာပြီး လက်မှတ်ထိုးပါတဲ့။ ကျွန်မတို့က ပြည်ထောင်စုတင်ရမှာတဲ့။ သွားကြည့်လိုက်တော့ ဝမ်းသာစရာကောင်းတာက လူနည်းစုထဲမှာ ကိုယ်က အများဆုံးဖြစ်နေတယ်။ ၆၃၀၀ တဲ့။ ဆရာမကြီးက ဒုတိယရတယ်တဲ့။ လာပြီး လက်ဆွဲနှုတ်ဆက်ကြတယ်” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်တာခင်ခင်ကျော့က ” ပထမကတော့ USDP တွေချည်းပဲ အားလုံးက။ USDP သုံးယောက်စလုံးက ၁၉၀၀၀ ကျော်တယ်။ ပြည်သူ့လွှတ်တော် ၁၉၀၀၀ ကျော်တယ်။ အမျိုးသားလွှတ်တော်လည်း ၁၉၀၀၀ ကျော်တယ်။ တိုင်းဒေသကြီးရော ၁၉၀၀၀ ကျော်တယ်။ ကြိုတင်မဲတွေမှာလည်း သူတို့ရတာတွေက ၂၅၀၀ ကျော်တယ်လို့ သိရတယ်” ဟု ပြောကြားသည်။
မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသက်ခိုင်ဝင်းသည် လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။
