၂၉. ၁၂. ၂၀၂၅
MT News Editorial
ယနေ့ မြန်မာ့နိုင်ငံရေးတွင် ဒီမိုကရေစီဟူသော အမည်နာမကို အလွဲသုံးစားပြု၍ သဘောထား ကွဲလွဲသူမှန်သမျှကို သတ်ဖြတ်နေသည့် NUG နှင့် PDF တို့၏ လုပ်ရပ်များသည် အနိမ့်ဆုံးသော လူ့တိရစ္ဆာန်အဆင့်သို့ ကျဆင်းသွားပြီဖြစ်သည်။ မိမိနှင့် အမြင်မတူသည့်သူများကို သတ်ဖြတ်ခြင်းနှင့် အမေရိကန်နိုင်ငံသားခံယူထားသူများကိုပင် “အသက်အန္တရာယ်ပြုရန်” ခြိမ်းခြောက်လာခြင်းမှာ နိုင်ငံရေးအရ အခြေအတင် ဆွေးနွေးနိုင်စွမ်း မရှိတော့သည့် အသိဉာဏ်မဲ့ အကြမ်းဖက်သမားတို့၏ လက္ခဏာပင် ဖြစ်သည်။ လတ်တလောအခြေအနေတွင်လည်း VOA ဌာနမှူးဟောင်း ဦးသန်းလွင်ထွန်းနှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ရွေးကောက်ပွဲပထမပိုင်းကို စောင့်ကြည့်လေ့လာကာ မျှတကြောင်း ဖွင့်ဟခဲ့သည့် ဦးညိုအုန်းမြင့်တို့မှာ NUG နှင့် PDF တို့၏ လုပ်ကြံသတ်ဖြတ်ရန် ခြိမ်းခြောက်ခံနေရပေသည်။ ထို့အတွက် ဦးညိုအုန်းမြင့်က အမေရိကန်နိုင်ငံသားခံယူထားသူတချို့ကိုပင် အကြမ်းဖက်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း အမေရိကန်ကောင်စစ်ဝန်ချုပ်ထံ အကြောင်းကြားရတော့မည်ဟုပင် တုံ့ပြန်ခဲ့ရပေသည်။
ဒီမိုကရေစီရေးဆိုင်ရာ အင်္ဂလိပ်စကားပုံတစ်ခုတွင် “မဲလက်မှတ်များသည်သာလျှင် ဒီမိုကရေစီ၏ တရားဝင်သော စက်အင်ဂျင်များဖြစ်ပြီး ကျည်ဆန်များမဟုတ်ပေ” (Ballots, not bullets, are the rightful and only legitimate engines of democracy.) ဟု ဆိုထားပေသည်။ သို့သော် NUG နှင့် PDF များသည် မဲလက်မှတ်ဖြင့် အဆုံးအဖြတ်ခံယူမည့်အစား ၎င်းတို့အပေါ် မနှစ်မြို့သူများကို ကျည်ဆန်ဖြင့် နှုတ်ပိတ်ရန် ကြိုးပမ်းနေကြသည်။ ၎င်းတို့သည် ပြီးခဲ့သည့် ငါးနှစ်အတွင်း လူပေါင်းတစ်သောင်းခန့်ကို သတ်ဖြတ်ခဲ့ပြီး “Hit List (လုပ်ကြံသတ်ဖြတ်ရန် ပစ်မှတ်ထားသည့်စာရင်း)” များ ထုတ်ကာ အမေရိကန်နိုင်ငံသားများကိုပင် ပစ်မှတ်ထားမည်ဟု ရဲတင်းစွာ ကြွေးကြော်ခဲ့ကြခြင်းမှာလည်း ဒီမိုကရေစီကို ဖျက်ဆီးနေသည့် လုပ်ရပ်သာ ဖြစ်သည်။
“အကြမ်းဖက်ဝါဒ အခြေခံသော မြေဆီလွှာပေါ်တွင် ဒီမိုကရေစီသည် ရှင်သန်၍မရနိုင် ” (Democracy cannot survive in the soil of terrorism.) ဆိုသည့်စကားအတိုင်း အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အကြောက်တရားသွတ်သွင်းခြင်းတို့ဖြင့် တည်ဆောက်မည့် နိုင်ငံရေးသည် မည်သည့်အခါမျှ စစ်မှန်သော ဒီမိုကရေစီ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ ယခုအခါ PDF အဖွဲ့အစည်းများသည် လက်နက်မဲ့သော သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဖော်ပြနေသလို မီဒီယာများတွင်ပါ ဗြောင်ကျကျ ဝန်ခံနေကြခြင်းမှာ ၎င်းတို့ကိုယ်တိုင် “အကြမ်းဖက်သမား” ဖြစ်ကြောင်း ကမ္ဘာသိအောင် ဖော်ဆောင်နေကြခြင်းပင် ဖြစ်သည်။
မိမိနှင့် အမြင်မတူသူတိုင်းကို သတ်ဖြတ်ရမည်ဟု ယူဆနေခြင်းမှာ “ရူးသွပ်သော လူသတ်ဝါဒ” သာ ဖြစ်သည်။ လက်နက်ကိုင်၍ အနိုင်ကျင့်နေသော အစွန်းရောက်အဖွဲ့အစည်းများအနေဖြင့် လက်နက်မဲ့သော အပြစ်မဲ့ မြန်မာနိုင်ငံသားများကို သတ်ဖြတ်နေရုံသာမက အမေရိကန်နိုင်ငံသားများကိုပင် သတ်ဖြတ်မည် ခြိမ်းခြောက်ခြင်းသည် နိုင်ငံတကာ၏ ပြင်းထန်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ခံရသင့်သည့် အခြေအနေလည်းဖြစ်သည်။ ဒီမိုကရေစီသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို အလေးထားခြင်းဖြစ်ပြီး ထိုသို့သော လွတ်လပ်စွာပြောဆိုခြင်းဖြင့် မိမိအခွင့်အရေးကို ဖော်ဆောင်သူမှန်သမျှကို လိုက်လံ သတ်ဖြတ်ခြင်းဖြင့် တုံ့ပြန်သူမှန်သမျှသည် ကမ္ဘာ့ရန်သူများသာ ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် NUG နှင့် PDF အဖွဲ့အစည်းများ၏ သွေးစွန်းသော လမ်းစဉ်ကို ယခုချက်ချင်း အဆုံးသတ်ရန် အချိန်တန်ပြီဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း အကြမ်းဖက် လူသတ်သမားများကို ဒီမိုကရေစီသူရဲကောင်းများအဖြစ် အမြင်မှားနေခြင်းကို ရပ်တန့်ကာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထိရောက်စွာ အရေးယူရမည်ဖြစ်သည်။ နိုင်ငံရေးအမြင် ကွဲပြားမှုအတွက် အသက်ဖြင့် ပေးဆပ်နေရသော စနစ်ဆိုးကို အဆုံးသတ်ရန်မှာ မြန်မာ့လူထုတစ်ရပ်လုံး၏ တာဝန်သာဖြစ်ပြီး အကြမ်းဖက် လူသတ်သမားများကို တော်လှန်ရေးသမားဟု မှားယွင်းစွာ အမည်တပ်ထားမိသည့် ကာလမှာလည်း ယနေ့မှစ အဆုံးသတ်ချိန် တန်ပြီဖြစ်ပါကြောင်း မြန်မာနှင့် နိုင်ငံတကာ လူထုအပေါင်းကို MT News က ထပ်လောင်း၍ သတိပေးအပ်ပါသည်။
