



၂၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
နေပြည်တော်ဘူတာကြီး လူသွားစင်္ကြံအား အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ဘူတာကြီးသို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် လမ်းညွှန်မှာကြားသည်။
ယာယီသမ္မတနှင့် အဖွဲ့ဝင်များ နေပြည်တော်ဘူတာကြီးသို့ ရောက်ရှိစဉ် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် ယာယီသမ္မတက နေပြည်တော်မှ ရန်ကုန်သို ထွက်ခွာမည့် ဒီဇယ်လျှပ်စစ်သုံး (DEMU)အစုန်ရထား ဘူတာရုံ၌ ဆိုက်ကပ်ထားရှိမှုနှင့် ဘူတာရုံအတွင်း လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဘူတာရုံအတွင်းရှိ လူသွားစင်္ကြံအား အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်မှုနှင့် ရထားဘူတာရုံအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် မျက်စိပသာဒဖြစ်စေရေး၊ ရထားဝန်ထမ်းများနှင့် ခရီးသည်များ၏ သွားလာနေထိုင်မှုများ စည်းကမ်းစနစ်တကျ ဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် အခြားလိုအပ်သည်များအား ယာယီသမ္မတက လမ်းညွှန်မှာကြားသည်။
ထို့နောက် ယာယီသမ္မတက ပုဗ္ဗသီရိမြို့နယ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
