နေမိုး
၂၈. ၁၂. ၂၀၂၅
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိရာ ယခုလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ KNU/KNLA အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူမိန်းကလေးငယ် တစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုည အတည်ပြုသည်။




ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ပြည်ခိုင်ဖြိုးလမ်းထောင့်ရှိ လမ်းလယ်ကျွန်းပေါ်၌ လည်းကောင်း၊ ည ၉ နာရီ ၂၀ မိနစ်တွင် အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင် လမ်းမပေါ်၌ လည်းကောင်း၊ ည ၁၀ နာရီတွင် အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲအနီး၌လည်းကောင်း KNU/KNLA အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့မှုကြောင့် မော်တော်ယာဉ် တစ်စီး၊ နေအိမ်အဆောက်အအုံ ၁၀ လုံး တို့၏ ပြတင်းပေါက်မှန်၊ အမိုး၊ အကာများ မိုင်းပေါက်ကွဲစ ထိမှန်ပျက်စီးခဲ့ပြီး အမှတ်(၄)ရပ်ကွက် နေသူများဖြစ်ကြသည့် မနှင်းရွှေရည်ဝင်း(၁၂)နှစ်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိ၍ သေဆုံးသွားခဲ့သည်။
ထို့အပြင် မမိုးမြင့်မြင့်သိန်း(၂၀)နှစ်၊ ရပ်ကွက်/ကျေးရွာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးကျော်ဆန်းဦး(၅၃)နှစ်၊ သင်္ဃန်းညီနောင်ကျေးရွာနေ ဒေါ်မိုးမိုးဆန်း(၄၅)နှစ်နှင့် ဦးမင်းလွင်(၅၈)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံး/ဒဏ်ရာရရှိသူများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
