MT News
၂၇. ၁၂. ၂၀၂၅
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့မှာ လူသတ်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” တရားစီရင်ရေးဌာနက ဒီနေ့ သေဒဏ်ချမှတ်ခဲ့တယ်လို့ UWSA ထိန်းချုပ်မီဒီယာ Wa News Land က သတင်းဖော်ပြလာပါတယ်။
တရားစီရင်ရေး အခမ်းအနားကို ဒီနေ့ မနက် မြန်မာစံတော်ချိန် ၈ နာရီကျော်မှာ ဟိုပန်မြို့ယဥ်ကျေးမှုကွင်းမှာ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာခရိုင် ဌာနအသီးသီးက တာဝန်ရှိ လူကြီးတွေအပြင် မိဘပြည်သူတွေကိုလည်း တစ်အိမ်တစ်ယောက် လာရောက်ကြည့်ရှု့စေခဲ့ပြီးကျူးလွန်သူ တရားခံဟာ အသက် ၂၄ နှစ်အရွယ် စိုင်းအောင်လင်းဦးဖြစ်ပြီး ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်၊ ကံကြီးအုပ်စု၊ လက်ပံကုန်းရွာက ဖြစ်တယ်လို့ ဆိုပါတယ်။






အသတ်ခံရတဲ့ သေဆုံးသူဟာ တအာင်း(ပလောင်) လူမျိုး အသက် ၃၅ နှစ်အရွယ် မောင်ကျော်လွင်(ခ)ကိုလှ ဖြစ်ပြီး ရှမ်းပြည်နယ် မိုင်းမောမြို့နယ် ပန်ကွဲကျေးရွာအုပ်စုက ဖြစ်ပါတယ်။
နီးစပ်သူတွေရဲ့ပြောပြချက်အရ သူတို့နှစ်ယောက်လုံးဟာ ဟိုပန်မြို့မှာ အလုပ်လာလုပ်ကြသူတွေ ဖြစ်ကြပြီး အခန်းတစ်ခန်းမှာ စကားအချေတင်ဖြစ်ကြရင်း အခုလိုသေဆုံးစေတဲ့ထိ တူနဲ့ခေါင်းကိုရိုက်သတ်မှု ကျူးလွန်မိခဲ့တာလို့ ဆိုပါတယ်။ လူသတ်မှု ကျူးလွန်ပြီးတဲ့နောက်မှာလည်း စိုင်းအောင်လင်းဦးဟာ မောင်ကျော်လွင်ရဲ့ vivo တံဆိပ် လက်ကိုင်ဖုန်းနဲ့အတူ ဖုန်းကာဗာနောက်က တရုတ်ငွေ ၁၅၀ ယွမ်ကိုယူပြီး လောင်းကစားရုံကို ထပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေကို အဆင့်ဆင့် အစီရင်ခံပြီးနောက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီက တရားခံ စိုင်းအောင်လင်းဦးကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။
UWSA နဲ့ MNDAA ဟာ လူမြင်ကွင်းမှာ သေဒဏ်ချမှတ်မှုတွေ မကြာခဏပြုလုပ်နေပြီး ဒီနှစ်ထဲမှာ သူတို့ သေဒဏ်ချ လူသတ်ခဲ့တာ လူ ၂၀ ထက်မနည်းရှိနေပြီဖြစ်ပါတယ်။
Ref & Photo – Wa News Land
