၂၇.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဆီးရီးယားနိုင်ငံ အနောက်ပိုင်း ဟုမ်းစ်မြို့ရှိ ဆီးရီးယားအာလာဝိုက်လူနည်းစုများ အသုံးပြုသည့် အာလာဝိုက်ဗလီတစ်ခုတွင် ဒီဇင်ဘာလ ၂၆ ရက်က ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်နေစဉ် ပြင်းထန်သော ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူရှစ်ဦးသေဆုံး၍ ၁၈ ဦး ဒဏ်ရာရကြောင်း သိရသည်။ ဆီးရီးယားတွင်ဂိုဏ်းဂဏ ပဋိပက္ခများ ပြန်လည်ပေါ်ပေါက်လာသကဲ့သို့ လူသိနည်းသောစစ်သွေးကြွအဖွဲ့တစ်ခုကလည်း ယခု ပေါက်ကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အာလာဝိုက်အဖွဲ့တစ်ဖွဲ့က ပေါက်ကွဲမှုကို အာလာဝိုက်အသိုင်းအဝိုင်းကို သီးသန့် ပစ်မှတ်ထားသည့် စနစ်တကျစုစည်းလုပ်ဆောင်သော အစွန်းရောက်အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားခြင်းဟု ပြောကြားခဲ့သည်။
ဆီးရီးယားတွင်လည် ကာလကြာရှည် အာဏာရယူထားခဲ့သည့် အာလာဝိုက်တစ်ဦးဟုဆိုသော သမ္မတ ဟောင်း ဘရှာအာဆတ်ကို ၂၀၂၄ ခုနှစ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ဤပေါက်ကွဲမှုက ဗလီတစ်ခုတွင် ပထမဆုံးအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုဟု ယုံကြည်ရသော ပေါက်ကွဲမှုဖြစ်သည်။

အာဆတ်ကို ဖြုတ်ချပြီး မကြာမီတွင် ဖွဲ့စည်းခဲ့သော အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့က ယင်းပေါက်ကွဲမှုကို ၎င်းတို့လက်ချက်ဟု ကြေညာခဲ့သည်။
ဆီးရီးယားနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ဟုမ်းစ်မြို့ ရှိ Imam Ali ဗလီတွင်ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုကို ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်ဗုံးခွဲမှု ဖြစ်ကြောင်း ပြောခဲ့သည်။
ဆီးရီးယားတွင် ဆွန်နီမွတ်ဆလင်က ၇၄ ရာခိုင်နှုန်းခန့်ရှိပြီး လူနည်းစုဖြစ်သော အာလာဝိုက်က လူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်သာရှိကာ Syrian Observatory for Human Rights ၏ အဆိုအရ ဗလီတွင် အာလာဝိုက်အသိုင်းအဝိုင်းမှ အဓိကတက်ရောက်ကြကြောင်းလည်း သိရသည်။ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ နိုင်ငံပိုင် သတင်းဌာန SANA က ပေါက်ကွဲမှုက ဗလီအတွင်း စိုက်ထူထားသော ဖောက်ခွဲရေးပစ္စည်းများကြောင့် ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ အစိုးရအရာရှိတစ်ဦးကလည်း သောကြာနေ့ ဆုတောင်းပွဲတွင် ဗလီအတွင်း လူစည်ကားနေစဉ် ဗုံးပေါက်ကွဲခဲ့ခြင်းဟု ပြောကြားခဲ့သည်။
SANA မှ ထုတ်ပြန်သော ဓာတ်ပုံများတွင် ဆုတောင်းခန်းမအတွင်း ကြီးမားသော ပျက်စီးမှုများနှင့် သွေးစွန်းများကို ပြသထားသည်။ ဗုံးပေါက်ကွဲမှု၌ သေဆုံးသူ ရှစ်ဦးအပြင် လူ ၁၈ ဦး ဒဏ်ရာရရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိ နာဂျစ် အယ်လ် နတ်ဆန် က SANA သို့ ပြောကြားခဲ့သည်။
သို့သော် ၎င်းက အဆိုပါ ကိန်းဂဏန်းများမှာ နောက်ဆုံးအဆင့် မဟုတ်နိုင်သေးဘဲ သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ဒေသခံလုံခြုံရေးအရာရှိတစ်ဦးက စုံစမ်းစစ်ဆေးသူများအနေဖြင့် တိုက်ခိုက်သူကို မဖော်ထုတ်နိုင်သေးကြောင်း သို့မဟုတ် မည်သည့်လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သည်ကို အတည်မပြုနိုင် သေးကြောင်း SANA သို့ ပြောကြားခဲ့သည်။ သို့သော် Telegram တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ရာ၌ အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်ေသော Saraya Ansar al-Sunna က သောကြာနေ့နှောင်းပိုင်းတွင် ၎င်းတို့၏တိုက်ခိုက်ရေးသမားများက ဗလီတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများစွာကို ဖောက်ခွဲခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့ကို အာလာဝိုက်အသိုင်းအဝိုင်းဝင်တစ်ဦးဖြစ်သည့် အာဆတ်အား ရာထူးမှဖယ်ရှားပြီးနောက် ဖွဲ့စည်းခဲ့ခြင်းဟုလည်းသိရသည်။
ဆီးရီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်က သူပုန်များ၏ ထိုးစစ်ဆင်မှုဖြင့် အာဆတ်အား အာဏာမှဖယ်ရှားခဲ့ပြီး ဆွန်နီဦးဆောင်သောယာယီအစိုးရဖြင့် အစားထိုးခဲ့ပြီးနောက် နိုင်ငံအတွင်း ဂိုဏ်းဂဏပဋိပက္ခများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အာဆတ်မှာလည်း ရုရှားသို့ ထွက်ပြေးခဲ့ရပြီး ထိုအချိန်မှစ၍ အာလာဝိုက်အသိုင်း အဝိုင်းများသည် နှိပ်ကွပ်ဖြိုခွင်းမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
ဆီးရီးယားအစိုးရသည် မကြာသေးမီက အာဆတ်၏သစ္စာခံများနှင့် အစ္စလာမ်မစ်နိုင်ငံတော် (IS) အကြမ်းဖက်အဖွဲ့ကို ပစ်မှတ်ထားသည့် လုံခြုံရေးလှုပ်ရှားမှုများကို တိုးမြှင့်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုက အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦးနှင့် စကားပြန်တစ်ဦး သေဆုံးခဲ့သည့် အကြမ်းဖက်တို့၏တိုက်ခိုက်မှုအတွက် လက်စားချေသည့်အနေဖြင့် ဆီးရီးယားနိုင်ငံကိုတိုက်ခိုက်ခြင်းမဟုတ်ဘဲ ဆီးရီးယားရှိ IS ပစ်မှတ်များကို ပစ်မှတ်ထားခြင်းဟုဆိုသည့် လေကြောင်းတိုက်ခိုက်မှုများကို ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည်။
Ref : DW News
