သက်တံ့
၂၇. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် လူသေဆုံးမှုများပြားခဲ့သည့် ရက်သတ္တပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများကို အဆုံးသတ်ရန် “ချက်ချင်း” အပစ်အခတ်ရပ်စဲရေးအတွက် ယနေ့ စနေနေ့ (ဒီဇင်ဘာ ၂၇ ရက်) တွင် သဘောတူညီခဲ့ကြကြောင်း နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားဘက်မှ ထုတ်ပြန်သည့် နှစ်နိုင်ငံအထူးအထွေထွေနယ်စပ်ကော်မတီ၏ ထုတ်ပြန်ချက်အရ “ဤပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုးသည့်အချိန်မှစ၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီမှစတင်ကာ နှစ်ဖက်စလုံးက ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူသည်။ အဆိုပါ သဘောတူညီချက်တွင် လက်နက်အမျိုးအစားအားလုံး အသုံးမပြုရန်၊ အရပ်သားများ၊ အရပ်ဘက်ဆိုင်ရာပစ္စည်းများနှင့် အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများအပြင် နှစ်ဖက်စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းများကိုလည်း နယ်မြေအားလုံးတွင် ရပ်စဲရန် ပါဝင်သည်” ဟု ဖော်ပြထားသည်။
အိမ်နီးချင်းနှစ်နိုင်ငံကြား ကာလရှည်ကြာဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခသည် ယခုလအတွင်း ပြန်လည်အရှိန်မြင့်လာခဲ့ရာ ယခင်ကရရှိထားသော အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့ပြီး တရားဝင်စာရင်းများအရ လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရသည်။ ထို့အပြင် လူဦးရေ တစ်သန်းခန့်မှာလည်း ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။

နှစ်နိုင်ငံလုံးက နယ်စပ်တစ်လျှောက်ရှိ ပြည်နယ်အားလုံးနီးပါးသို့ ပျံ့နှံ့သွားသည့် အဆိုပါတိုက်ပွဲသစ်များ စတင်ဖြစ်ပွားရခြင်းအတွက် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အပြစ်တင်လျက်ရှိပြီး မိမိတို့သည် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုကြကာ တစ်ဖက်နိုင်ငံက အရပ်သားများကို တိုက်ခိုက်သည်ဟု အပြန်အလှန် စွပ်စွဲထားကြသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ငါးရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများကို အဆုံးသတ်ရန် အမေရိကန်၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးခဲ့သော်လည်း အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ ပြန်လည်ပျက်ပြားသွားခဲ့ခြင်း ဖြစ်သည်။
ချက်ချင်းအပစ်အခတ်ရပ်စဲရေး သဘောတူညီသည့် ယနေ့အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား (၃) ကြိမ်မြောက် အထူးအထွေထွေနယ်စပ်ကော်မတီ (GBC) အစည်းအဝေးအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ပိုင်လင်ပြည်နယ် (Prum) နှင့် ထိုင်းနိုင်ငံ၊ ချန်သဘူရီပြည်နယ် (Ban Pak Kard) အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးကို ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး General Tea Seiha နှင့် ထိုင်းကာကွယ်ရေးဝန်ကြီး General Nattaphon Narkphanit တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (AOT) လည်း တက်ရောက်ခဲ့သည်။
Ref: SCMP & Khmer Times
