


၂၅. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် (တနင်္ဂနွေနေ့)တွင် မြို့နယ်ပေါင်း (၆၃) မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ကြေညာချက်အမှတ် (၁၇၀/၂၀၂၅)ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ် (၁၀၂) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။
ထို့အတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၀ ) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နေ့တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ) တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပြီး ပါဝင်သည့် မြို့နယ် ( ၆၃ ) မြို့နယ်အား တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပူးတွဲပါဇယားအတိုင်း သတ်မှတ်ကြေညာထားသည်။
ရွေးကောက်ပွဲ အပိုင်း (၃) တွင် ကချင်ပြည်နယ်အတွင်း ၅ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၂ မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၂ မြို့နယ်၊ တနင်္သာရီတိုင်းတွင် ၃ မြို့နယ်၊ ပဲခူးတိုင်းတွင် ၈ မြို့နယ်၊ မန္တလေးတိုင်းတွင် ၈ မြို့နယ်၊ ရန်ကုန်တိုင်းတွင် ၁၇ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၉ မြို့နယ်နှင့် ဧရာဝတီတိုင်းတွင် ၉ မြို့နယ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
