၂၅.၁၂.၂၀၂၅
Written by Linn Eain
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒီဇင်ဘာ ၂၅ ရက်တွင် ဝါးခယ်မြို့နယ်၊ ကျုံမငေးမြို့၊ မြတ်စွယ်တော်စျေးကျောင်း စာသင်တိုက်၌ ကျင်းပသည့်ပန်းပေါင်းစုံဗုဒ္ဓ ရုပ်ပွားတော် ၅၀၀ ဆူ အနေကဇာတင်အခမ်းအနားနှင့် ကနစိုးကုန်း ကျေးရွာတွင် ကျင်းပသည့် ခရစ္စမတ်ပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့ နံနက် ၅ နာရီခွဲတွင် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ပရိယတ္တိ၊ ပဋိပတ္တိ ဓမ္မစင်တာ၌ ကျင်းပသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၅၀၀ ဆူ အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဆိုပါစာသင်တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ ဇောတိကဓဇ ဘဒ္ဒန္တပညာဇောတ အမှူးပြုသော ပင့်သံဃာဆရာတော်ကြီးများက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို အနေကဇာတင်လှူပူဇော်ကြသည်။





ထို့နောက် မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး၏ သိက္ခာထပ် မင်္ဂလာအခမ်းအနားကို အဆိုပါကျောင်းတိုက်သိမ်တော်အတွင်း၌ ကျင်းပပြီး အလှူရှင်များက ဆရာတော်သံဃာတော်များအား သိမ်ဆင်းလောင်းလှူခဲ့ကြပြီး လှူဒါန်းမှုများကို ရေစက်ချအမျှပေးဝေခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာသို့ သွားရောက်ပြီး ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောသခင်မဘုရားကျောင်းတွင် ကျင်းပသည့် ခရစ္စမတ်ပွဲတော်သို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။



ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ခရစ္စမတ်ပွဲတော်အား ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် ခရစ်တော်ဖွားမြင်ခြင်းနှင့်အတူပါရှိလာသည့် ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းမေတ္တာများကို အလေးအနက်ထားခံယူပါကြောင်း၊ မြန်မာနိုင်ငံတွင်လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ရှိသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိုလည်း အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘာသာတရားတိုင်း၏ အနှစ်သာရသည် လူသားအချင်းချင်းမေတ္တာထားရှိရန်၊ တစ်ဦးအပေါ်တစ်ဦး သည်းခံခွင့်လွတ်ကြရန်နှင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန် ဖြစ်ပါကြောင်း၊ ယခုကျရောက်သည့် ခရစ္စမတ်အခါသမယမှသည် အနာဂတ်တွင် ခရစ်တော်၏မေတ္တာတရား၊ ငြိမ်းချမ်းခြင်းတရားတို့ လွမ်းခြုံနိုင်ကြရန် ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဘုရားကျောင်းမှ ဆရာတော်ဖာသာတစ်ဦးက ခရစ္စမတ်နေ့နှင့်ပတ်သက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဘုရားကျောင်းအတွက် ဆိုလာမီးနှင့် စားသောက်ဖွယ်ရာလက်ဆောင်ပစ္စည်းများကို ပေးအပ်လှူဒါန်းပြီး ဖာသာတစ်ဦးက အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျုံမငေးမြို့၊ ဥုံစရီရာမလက္ခဏာ ဘုရားကျောင်းသို့သွားရောက်၍ ကျောင်းတာဝန်ခံအား ဆိုလာမီး၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်း များကိုလည်းကောင်း၊ ရွှေသုသာန်ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ရွှေသုသာန်ကျောင်း ဆရာတော်အား သင်္ကန်း၊ ဆိုလာမီးနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း အသီးသီး လှူဒါန်းခဲ့ကြောင်းသိရသည်။
