သက်တံ့
၂၅. ၁၂. ၂၀၂၅
ဘန်ကောက်မြို့ အမြန်လမ်းမပေါ်တွင် အခြားယာဉ်မောင်းတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် တရတ်ပြည်နယ်၊ ခို့ချမ်းကျွန်းသို့ ထွက်ပြေးသွားသော Toyota Alphard ကားမောင်းသူကို မနေ့က ဒီဇင်ဘာလ ၂၄ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ပြီဖြစ်သည်။
အသတ်ခံရသူမှာ အသက် ၃၄ နှစ်အရွယ် အနုဝပ် ယတ်နီယွန်ဆိုသူဖြစ်ပြီး ၎င်းသည် အင်္ဂါနေ့ (ဒီဇင်ဘာ ၂၃ ရက်) နံနက်အစောပိုင်းက ဘန်ဆူးခရိုင်ရှိ စီရတ်အမြန်လမ်းပေါ်တွင် Toyota Altis ကားကို မောင်းနှင်နေစဉ် သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်သည်။ ရှေ့ခန်းတွင် လိုက်ပါလာသည့် ၎င်း၏ချစ်သူမိန်းကလေးမှာမူ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပေ။

ရည်းစားဖြစ်သူအမျိုးသမီး၏ ထွက်ဆိုချက်အရ သေနတ်သမားသည် အဖြူရောင် Toyota Alphard Vellfire အမျိုးအစားကားကို မောင်းနှင်လာခြင်းဖြစ်သည်။ တိုးရ်ဂိတ်သို့ သူမတို့ယာဉ် ချဉ်းကပ်လာစဉ် အဆိုပါ Alphard ကားက ၎င်းတို့ရှေ့မှ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း၊ အနုဝပ်က တိုက်မိမည်စိုး၍ အရှိန်လျှော့ပြီး လမ်းပေးခဲ့သော်လည်း Alphard ယာဉ်မောင်းမှာ ဆက်လက်ဒေါသထွက်နေခဲ့ပုံရကြောင်း သူမက ရှင်းပြခဲ့သည်။
ထို့နောက် Alphard ကားသည် သူမတို့ကားဘေးသို့ ယှဉ်မောင်းလာပြီး မှန်တံခါးချကာ အနုဝပ်အား သေနတ်ဖြင့် ၃ ချက်မှ ၄ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ကျည်ဆန်များမှာ အနုဝပ်၏ လည်ပင်းနှင့် လက်မောင်းကို ထိမှန်ခဲ့ပြီး အခင်းဖြစ်နေရာမှာပင် ကားအတွင်း၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေနတ်သမားသည် ပစ်ခတ်မှုအပြီးတွင် ၎င်း၏ Alphard ကားကို နခွန်ပထုံပြည်နယ်ရှိ ဟိုတယ်တစ်ခုတွင် စွန့်ပစ်ခဲ့ပြီး တက္ကစီအဆင့်ဆင့် ပြောင်းစီးကာ ထွက်ပြေးခဲ့သည်။ CCTV မှတ်တမ်းများအရ ၎င်းသည် ချွန်ဘူရီပြည်နယ်အမြန်လမ်းတစ်လျှောက် သွားလာနေသည်ကို တွေ့ရပြီး ထိုမှတစ်ဆင့် တရတ်ပြည်နယ်သို့ ဆက်လက်ထွက်ပြေးခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့သည် နောက်ဆုံးတွင် သံသယရှိသူအား ခို့ချမ်းကျွန်း၌ ခြေရာခံမိခဲ့ပြီး နယ်စပ်သို့ လှေဖြင့်ထွက်ခွာရန် ပြင်ဆင်နေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
သံသယရှိသူမှာ ဆောင်ခရန် ပန်းဖူး (Songkran “Karn” Parnphu) ဖြစ်ပြီး အွန်လိုင်းနှင့် မော်တော်ကားလောကတွင် “Karn Tattoo” ဟု လူသိများသူဖြစ်သည်။ “Big Kren” Facebook စာမျက်နှာ၏ ဖော်ပြချက်အရ ၎င်းသည် ကားဟောင်းရောင်းဝယ်ရေး၊ ကားပေါင်နှံရေးနှင့် ချေးငွေလုပ်ငန်းများကို လုပ်ကိုင်သူဖြစ်ကာ အွန်လိုင်းတွင် ဇိမ်ခံလူနေမှုပုံစံနှင့် ပါတီပွဲတက်သည့် ပုံရိပ်များကို မကြာခဏ တင်လေ့ရှိသူဖြစ်သည်။

ထို့အပြင် ၎င်းသည် ၂၀၂၄ ခုနှစ်အတွင်း ချွန်ဘူရီတွင်လည်း လူကိုယ်တိုင် တိုက်ခိုက်မှုနှင့် လူသတ်ရန် ကြိုးပမ်းမှုတို့ဖြင့် အလိုရှိခြင်းခံနေရသူဖြစ်ကြောင်း အဆိုပါစာမျက်နှာက ဆိုသော်လည်း ရဲတပ်ဖွဲ့ကမူ တရားဝင် အတည်ပြုခြင်း မရှိသေးပေ။
ပဏာမစစ်ဆေးမေးမြန်းမှုများအရ ၎င်းက လမ်းပေါ်တွင် ကားမောင်းရင်း အငြင်းပွားရာမှ ဒေါသထွက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ ၎င်းအား ထပ်မံစစ်ဆေးရန်နှင့် ပြစ်မှုကျူးလွန်ပုံကို ပြန်လည်သရုပ်ပြရန် ပရာချာချွန်းရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ယနေ့ မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။
Ref : The Thaiger

