၂၅. ၁၂. ၂၀၂၅
MT News Editorial
လက်ရှိ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှာ နေ့စဉ်နှင့်အမျှ သွေးချောင်းစီးနေပြီး လူထုမှာ စစ်မီးနှင့် ငတ်မွတ်ခေါင်းပါးမှုကြားတွင် မြေစာပင် ဖြစ်နေရသည်။ ဤငရဲတွင်းမှ လွတ်မြောက်ရန် “ရွေးကောက်ပွဲ” ဆိုသည့် ထွက်ပေါက်တစ်ခု ပေါ်လာချိန်တွင် NUG နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအချို့က “လက်မခံ” ဟု အလွယ်တကူ ဟစ်ကြွေးနေကြခြင်းမှာ မြေပြင်ရှိ လူထု၏ ငိုရှိုက်သံများကို လျစ်လျူရှု၍ မိမိတို့၏ နိုင်ငံရေးမာနနှင့် တော်လှန်ရေးအရေခြုံအောက် စားပေါက်ချောင်နေသည့်အရသာကို ရှေ့တန်းတင်နေခြင်းသာ ဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ ကန့်ကွက်မှုများသည် ဇိမ်ကျလှသော လေအေးပေးစက်ခန်းများအတွင်းမှ ထွက်ပေါ်လာသည့် အနှစ်သာရမဲ့သော ကြေညာချက်များသာ ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်မှာ ရောမမြို့ မီးလောင်နေချိန် စောင်းတီးနေသော (Fiddle while Rome burns) နီရိုးဘုရင်ကဲ့သို့ မြန်မာပြည်သူများ သေကျေပျက်စီးနေချိန်တွင် အနှစ်သာရမရှိသော မူဝါဒစကားလုံးများဖြင့် အချိန်ဖြုန်းနေကြခြင်း ဖြစ်သည်။ NUG သည်လည်း ပြည်တွင်းရှိ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လက်တွေ့ကျကျ ကာကွယ်ပေးနိုင်ခြင်း မရှိဘဲ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း အော်ဟစ်ကာ “အဆုံးထိတိုက်” ဆိုသည့် လမ်းစဉ်ဖြင့် လူထုကို စစ်ပွဲများအကြားတွင် နှစ်အကန့်အသတ်မရှိ ဆက်လက်ပိတ်မိနေစေရန် တွန်းပို့နေခြင်းဖြစ်သည်။
ရွေးကောက်ပွဲကို ကန့်ကွက်ခြင်းအား တော်လှန်ရေးဟု နိုင်ငံတကာနှင့် NUG က အမည်တပ်ထားသော်လည်း အမှန်စင်စစ်တွင်မူ လူထုအဖို့ လက်တွေ့ကျသော လွတ်မြောက်ရာလမ်းကို ၎င်းတို့က ပိတ်ဆို့ထားခြင်းသာ ဖြစ်သည်။
ရွေးကောက်ပွဲသည် ပြီးပြည့်စုံချင်မှ ပြီးပြည့်စုံပေလိမ့်မည်။ သို့သော် ၎င်းသည် လက်ရှိ သတ်ဖြတ်မှုသံသရာကို ရပ်တန့်ရန်နှင့် အရပ်သားအုပ်ချုပ်ရေးသို့ ကူးပြောင်းရန်အတွက် တစ်ခုတည်းသော “လက်တွေ့ကျသော လမ်းစ” ဖြစ်သည်။ NUG နှင့် နိုင်ငံတကာက ရွေးကောက်ပွဲကို မလုပ်ရန် တားမြစ်နေခြင်းမှာ မြန်မာလူထုကို စစ်ပွဲများအကြားတွင် အသက်နှင့် ဘ၀စတေး၍ ဆက်လက်နေထိုင်ခိုင်းပြီး မိမိတို့၏ နိုင်ငံရေးအကျိုးအမြတ်ရနေမှုအတွက် ဓားစာခံလုပ်နေခြင်းပင်ဖြစ်သည်ဟု အတိအကျဝေဖန်စရာ ရှိလာနေသည်။
၎င်းတို့အနေဖြင့် ရွေးကောက်ပွဲထက် ပိုမိုကောင်းမွန်သည့်၊ လက်တွေ့ကျသည့်၊ သွေးထွက်သံယို မရှိသည့် လမ်းစဉ်ကို ဖော်ဆောင်မပေးနိုင်ဘဲ “ရွေးကောက်ပွဲကို ကန့်ကွက်ခြင်း” သည် လူထုအပေါ် ရက်စက်မှုဖြစ်သည်။ နှစ်ဖက်လက်နက်ကိုင်တို့အကြား မြေစာပင် ဖြစ်နေသော လူထုအဖို့ လက်ရှိငရဲတွင်းထက်စာလျှင် ဤရွေးကောက်ပွဲက ပို၍ဆိုးကျိုးနည်းသော ရွေးချယ်မှု (The lesser of two evils) ဟု သဘောထားကာ မိမိတို့အဖို့ မချစ်သော်လည်း အောင့်ကာနမ်း၍ ဤရွေးကောက်ပွဲမှတစ်ဆင့် လူထုအာဏာကို စနစ်တကျ ပြန်လည်ရယူခြင်းမှာ လက်တွေ့အကျဆုံး နည်းဗျူဟာ ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ရွေးကောက်ပွဲအပေါ် ကန့်ကွက်မှုများကို လက်ခံရန်ထက် မြေပြင်တွင် နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့် လူထု၏ အသက်အိုးအိမ်စည်းစိမ် အမြန်ဆုံး လုံခြုံမှုက ပို၍ အရေးကြီးသည်။ ရွေးကောက်ပွဲသည် အပြန်အလှန် သတ်ဖြတ်နေသည့် သံသရာမှ လွတ်မြောက်မည့် တစ်ခုတည်းသော လမ်းစဖြစ်နေပါက ၎င်းကို လက်ခံခြင်းသည် တပ်မတော်ကို အားပေးခြင်းမဟုတ်ဘဲ လူထုအာဏာ ပြန်လည်ရယူရန်အတွက် နည်းဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ကို စတင်လှမ်းခြင်းသာဖြစ်သည်ဟု MT News က ယူဆပါကြောင်းနှင့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲပထမပိုင်းတွင် မဲပေးခွင့်ရှိသူ ပြည်သူအပေါင်းက မဲသွားရောက် ပေးကာ လူထုအာဏာ ပြန်လည် ရယူသင့်ပါကြောင်း နှိုးဆော် တိုက်တွန်းအပ်ပါသည်။
