၂၅. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်း ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ရှစ်လခွဲကျော်အတွင်း ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၁၂၂ သန်းနှင့် နိုဝင်ဘာလတွင် ဒေါ်လာ ၁၁၅ သန်း ထုတ်ရောင်းပေးထားသည်။
ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဒီဇင်ဘာလအတွင်း လေးကြိမ်ရောင်းချပေးမှု စုစုပေါင်းဒေါ်လာ ၁၁၃ သန်း ရှိသဖြင့် ယခုဘဏ္ဍာနှစ် ရှစ်လခွဲကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၁,၀၃၂ သန်း (၁ ဒသမ ၀၃၂ ဘီလျံ)နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၅၂၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၅၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၂၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၆၉၀ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။
