၂၂.၁၂.၂၀၂၅
Written by Linn Eain
မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင့်က လ၀ကဝန်ထမ်းများကို ဒီဇင်ဘာ ၂၂ ရက်တွင် မှာကြားခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စမ်းချောင်းမြို့နယ်ဦးစီးမှူးရုံး၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး မလျှောက်ထားသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီစိစစ်၍ One Stop Service ဖြင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကို လှည့်ကြည့်ရှုကြသည်။




ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်း အတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ မဲပေးပိုင်ခွင့် ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အလုံခရိုင်ဦးစီးမှူးရုံးသို့ ဆက်လက် သွားရောက်ခဲ့ပြီး ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုလှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မီပြီးစီး အောင်မြင်စေရေး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
