◾️ မဲဆန္ဒရှင်များ မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက မဲရုံ၌ မဲစာရင်း စိစစ်လက်မှတ်ရေးထိုးချိန် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်

၂၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် တတိယအကြိမ် မဲစာရင်းများအား ဒီဇင်ဘာ ၂၃ ရက်(မနက်ဖြန်)မှစတင်၍ ထပ်မံကပ်ထား ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
UEC သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ၁၄ ရက် ကပ်ထားကြေညာခဲ့ပြီးဖြစ်သည်။
မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာမည်ဖြစ်သည်။
ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များအတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက်မှ ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်နေ့ မဲပေးခြင်းပြီးဆုံးသည့် အချိန်အထိ သက်ဆိုင်ရာမဲရုံများတွင် လည်းကောင်း ကပ်ထားကြေညာမည်ဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်မှအပ ကျန်မြို့နယ်များ (ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ကြေညာထားသည့် (၅၆) မြို့နယ်မပါ) တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ၁၄ ရက်ကြာကပ်ထား ကြေညာမည်ဖြစ်သည်။
မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံ၌ မဲစာရင်းစိစစ်လက်မှတ် ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မဲစာရင်းလာရောက် ကြည့်ရှု၍ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာထားသည်။
