သက်တံ့
၂၂. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဖနတ်နိခွမ်ခရိုင်အတွင်း အိမ်ထောင်ရေးအငြင်းပွားမှုအတွက် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်ပွားစဉ် လူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ရဲတပ်ဖွဲ့က တရားခံကို လိုက်လံရှာဖွေလျက်ရှိသည်ဟု ထိုင်းသတင်းဌာနများက ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြသည်။
ဖနတ်နိခွမ် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူး ရဲဒုဗိုလ်မှူးကြီး Nanthaphon Nanainboon က မွန်နန်း (Mon Nang) မြို့နယ်၊ Moo 10၊ Chum Saeng ကျေးရွာတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက် ရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့သည် “မစ္စတာနွန်” ဟုသာ အမည်သိရသူအား ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာ သုံးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ အနီးအနားရှိ အဖြူရောင်ကားတစ်စီး၏ မောင်းနှင်သူဘက်အခြမ်း တံခါးတွင် ကျည်ဆန်ပေါက်တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ သေဆုံးသူပိုင်ဆိုင်သည့် ဘေ့စ်ဘောရိုက်တံ တစ်ခုကိုလည်း အလောင်းအနီးတွင် တွေ့ရသည်။ ထို့အပြင် မည်သည့်အမျိုးအစားဖြစ်သည်ကို မသိရသေးသော ကျည်ခွံ ၃ ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ကားအတွင်း ရှာဖွေရာတွင် သေနတ်တစ်လက်နှင့် ကျည်အိမ်တစ်ခု ပါရှိသည့် အနက်ရောင်အိတ်တစ်အိတ်ကို တွေ့ရှိခဲ့ပြီး အရွယ်အစား မဖော်ပြထားသော ကျည်ဆန်တစ်တောင့်ကိုလည်း တွေ့ရှိခဲ့သည်။

အသက် ၃၃ နှစ်အရွယ် သေဆုံးသူ၏ ဇနီးဖြစ်သူ ( A ဟုသာ အမည်ဖော်ပြထားသူ) ၏ ထွက်ဆိုချက်အရ အဆိုပါဖြစ်ရပ်သည် အိမ်တွင်းအငြင်းပွားမှုတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်သည်။ သူမနှင့် သူမ၏ကလေးတို့ သူငယ်ချင်းဖြစ်သူ၏ မွေးနေ့ပွဲသို့ တက်ရောက်နေစဉ်၊ သူမ၏ခင်ပွန်းက သူမနှင့် နှစ်ဖက်သူငယ်ချင်းဖြစ်သူ “မစ္စတာကိုင်” တို့အကြား ပတ်သက်မှုရှိသည်ဟု သံသယဖြင့် လာရောက်ရင်ဆိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
A က သူမအနေဖြင့် မစ္စတာကိုင်ကို အဆိုပါကျေးရွာသို့ ခေါ်ယူကာ နားလည်မှုလွဲနေသည်များကို ခင်ပွန်းနှင့် မျက်နှာချင်းဆိုင်ရှင်းလင်းရန် ကြိုးစားခဲ့သော်လည်း ဆွေးနွေးမှုမှတစ်ဆင့် အငြင်းပွားမှုအဖြစ် အရှိန်မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။ ခဏအကြာတွင် သေနတ်သံ ၃ ချက် ကြားလိုက်ရပြီး သူမလှည့်ကြည့်လိုက်ချိန်တွင် ခင်ပွန်းဖြစ်သူမှာ ဘေ့စ်ဘောရိုက်တံအနီး မြေပြင်ပေါ်၌ လဲကျနေသည်ကို တွေ့ရှိခဲ့ရကာ မစ္စတာကိုင်မှာမူ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့သည်။
ထိတ်လန့်သွားသော A သည် ရဲတပ်ဖွဲ့နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို ချက်ချင်း ဆက်သွယ်ခဲ့သော်လည်း ခင်ပွန်းဖြစ်သူမှာ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန်တွင်ပင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့သည် မစ္စတာကိုင်ကို အမြန်ဆုံးအရေးယူနိုင်ရန် ရှာဖွေလျက်ရှိသလို ပစ်ခတ်မှုနောက်ကွယ်မှ အကြောင်းရင်းကို အတည်ပြုရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန် A ကို ဆက်လက်စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း Khao Sod သတင်းအရ သိရသည်။
Ref : The Thaiger
