◾️ ဒီဇင်ဘာ ၂၄ ရက်တွင် အပစ်အခတ်ရပ်စဲရေးကို ကမ္ဘောဒီးယားနှင့် အသေးစိတ်ဆွေးနွေးမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား
သက်တံ့
၂၂. ၁၂. ၂၀၂၅
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ယနေ့ မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် သုံးပွင့်ဆိုင်တွေ့ဆုံပွဲ၌ “ကွာလာလမ်ပူ ငြိမ်းချမ်းရေးသဘောတူညီချက်” (Kuala Lumpur Peace Accord) ကို ပြန်လည်စတင်ရန် နောက်ဆုံးတွင် သဘောတူညီခဲ့ကြသည်။
မလေးရှားနိုင်ငံရှိ အစည်းအဝေးအခြေအနေကို သတင်းပို့ခဲ့သည့် ကမ္ဘောဒီးယား သတင်းစာဆရာများကလပ် ဥက္ကဋ္ဌ Puy Kea ၏ ပြောကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow တို့သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dato’ Seri Utama Haji Mohamad bin Haji Hasan ၏ ရှေ့မှောက်တွင် ယခုကဲ့သို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

လာမည့်ရက်အနည်းငယ်အတွင်း နှစ်ဖက် စစ်ဘက်ဗိုလ်ချုပ်ကြီးများသည် တင်းမာမှုလျှော့ချရေးနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးအပြီး တနင်္လာနေ့တွင် ပြောကြားရာ၌ ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ခြင်းကို ကြိုဆိုကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဒီဇင်ဘာလ ၂၄ ရက်တွင် ကမ္ဘောဒီးယားနှင့် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ခေါ်ယူခဲ့သည့် အထူးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် Sihasak က ထိုင်းနိုင်ငံအနေဖြင့် သက်ဆိုင်ရာကိစ္စရပ်များကို နှစ်နိုင်ငံချင်း (Bilateral) လမ်းကြောင်းများမှတစ်ဆင့် ဖြေရှင်းရန် မျှော်လင့်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုများကို အထွေထွေနယ်စပ်ကော်မတီ (General Border Committee – GBC) မူဘောင်အတွင်းမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) တွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား လက်ရှိအခြေအနေနှင့် ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး၏ ထုတ်ပြန်ချက်ကို အာဆီယံကလည်း ထုတ်ပြန်ခဲ့ပြီး အချက် ၁၀ ချက်ပါ ထုတ်ပြန်ချက်တွင် ဇူလိုင် ၂၈ ရက်က အပစ်အခတ်ရပ်စဲရေး အစီအစဉ်၊ ဩဂုတ် ၇ ရက်က ပြုလုပ်ခဲ့သည့် အထွေထွေနယ်စပ်ကော်မတီ (GBC) အထူးအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အောက်တိုဘာ ၂၆ ရက်က လက်မှတ်ရေးထိုးခဲ့သည့် “ကွာလာလမ်ပူ ပူးတွဲကြေညာချက်” တို့ကို ပြန်လည်အမှတ်ရစေပြီး၊ ယင်းတို့ကို အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရန် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကို တိုက်တွန်းခဲ့ကြောင်း၊ နှစ်ဖက်နယ်စပ်ဒေသတွင် အသက်အန္တရာယ် ထိခိုက်မှုများ၊ အရပ်ဘက်အခြေခံအဆောက်အအုံများ ပျက်စီးမှုများနှင့် အရပ်သားများ နေရပ်စွန့်ခွာနေရမှုများအပေါ် အထူးစိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး၊ ထိခိုက်ဒေသရှိ အရပ်သားများ ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ မိမိတို့နေရပ်သို့ ပြန်လည်အခြေချနိုင်ရေးအတွက် အာမခံချက်ပေးရန် နှစ်ဖက်စလုံးကို တောင်းဆိုခဲ့ကြောင်း၊ အင်အားသုံး ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးဖြေရှင်းခြင်းကို ရှောင်ကြဉ်ရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် နိုင်ငံတကာဥပဒေများကို လေးစားရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် အစွမ်းကုန်ထိန်းသိမ်းကြရန်နှင့် တိုက်ခိုက်မှုများအားလုံး ရပ်တန့်ရန် ချက်ချင်းအရေးယူဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သလို နှစ်ဖက်ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်၊ ဆွေးနွေးပွဲလမ်းကြောင်းသို့ ပြန်လာရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေးတွင် ပြန်လည်ပူးပေါင်းရန်နှင့် နယ်စပ်တစ်လျှောက် စစ်ရေးတင်းမာမှုလျှော့ချရေးကို အာဆီယံအကဲခတ်အဖွဲ့ (AOT) ၏ စောင့်ကြည့်မှုအောက်တွင် ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ခိုက်မှုများ ရပ်စဲရေး ပြန်လည်ဆွေးနွေးမှုကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကြိုဆိုခဲ့ကြကာ အပစ်ရပ်ရေးကို အကောင်အထည်ဖော်ရန်နှင့် စစ်ဆေးရန်အတွက် ဒီဇင်ဘာ ၂၄ ရက်တွင် GBC အစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး တိုက်ခိုက်မှုများ အမြန်ဆုံး လျော့ပါးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဤကိစ္စရပ်ကို ဆက်လက်စောင့်ကြည့် ကိုင်တွယ်သွားရန် သဘောတူညီခဲ့ကြကြောင်း အစရှိသဖြင့် ဖော်ပြထားသည်။
Ref : Khmer Times , Xinhua ,
