၂၂.၁၂.၂၀၂၅
Translated by Htwe Ko Tun
ရုရှားစစ်တပ် စစ်ဆင်ရေးတပ်ဖွဲ့များ လေ့ကျင့်ရေးဦးစီးဌာနရဲ့ အကြီးအကဲဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဖာနီးလ် ဆာဗာရော့ဗ်ဟာ မော်စကိုမြို့မှာ ဒီဇင်ဘာလ ၂၂ ရက်နံနက်က သူ့ရဲ့ကားအောက်မှာ ထောင်ထားတဲ့ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတစ်ခုပေါက်ကွဲပြီးတဲ့နောက် သေဆုံးခဲ့ရတယ်လို့ ရုရှားစုံစမ်း စစ်ဆေးရေးကော်မတီက ပြောကြားခဲ့ပါတယ်။
အသက် ၅၆ နှစ်အရွယ် ဆာဗာရော့ဗ်လုပ်ကြံခံရမှုမှာ စုံစမ်းစစ်ဆေးနေမှုတစ်ခုအရ ဗုံးကို ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ထောင်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းက ဒီပြောကြားချက်ကို တစ်စုံတစ်ရာ တုံ့ပြန်မှတ်ချက်မပေးခဲ့ပါဘူး။
စုံစမ်းစစ်ဆေးသူတွေကို ရုရှားမြို့တော်မော်စကိုမြို့တောင်ပိုင်းရှိ တိုက်တန်းလျားတစ်ခုအနီးက ကားရပ်ဖို့နေရာတစ်ခုကို စေလွှတ်ခဲ့ပါတယ်။



ဓာတ်ပုံတွေအရတော့ ကားရပ်နားဖို့နေရာတစ်ခုရှိ အခြားယာဉ်တွေ ဝန်းရံထားတဲ့အလယ်မှာ တံခါးတွေ ပေါက်ကွဲပျက်စီးနေတဲ့ အဖြူရောင်ကားတစ်စီးကို တွေ့ကြရပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို အပြည့်အဝကျူးကျော်တိုက်ခိုက်ပြီးကတည်းက ရုရှားမြို့တော်မော်စကိုမှာ စစ်ဘက်အရာရှိတချို့ကို ယူကရိန်းက ပစ်မှတ်ထားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ယူရိုဆလတ်ဗ် မော့စ်ကာလစ်ခ် ဆိုရင် ပြီးခဲ့တဲ့ဧပြီလက မော်စကိုမှာ ကားဗုံးပေါက်ကွဲမှု တစ်ခုကြောင့် သေဆုံးခဲ့ရပြီး ဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့ဗ်ဟာလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ မော်တော်ဆိုင်ကယ် အသေးစားလေးတစ်ခုထဲမှာ ဝှက်ထားတဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတစ်ခုကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့လို့ သေဆုံးခဲ့ရပါတယ်။
ယူကရိန်းသတင်းရင်းမြစ်တစ်ခုက ကီရီလော့ဗ်ကို ယူကရိန်းလုံခြုံရေးတပ်ဖွဲ့မှ သတ်ဖြတ်ခဲ့တယ်လို့ နောက်ပိုင်းမှာ BBC ကို ပြောကြားခဲ့ပေမယ့် တရားဝင် အတည်ပြုခဲ့မှုတော့ မရှိပါဘူး။ မူဝါဒအရ ယူကရိန်းဟာ ပစ်မှတ်ထားတိုက်ခိုက်မှုတွေအတွက် တရားဝင်ဝန်ခံတာ ဒါမှမဟုတ် မိမိဆောင်ရွက်မှုလို့ တာဝန်ယူကြေညာတာမျိုး မရှိပါဘူး။
Ref- bbc
