၂၂. ၁၂. ၂၀၂၅
MT News Editorial
ဂျော့အိုဝဲလ် (George Orwell) ၏ ခြေလေးချောင်းတော်လှန်ရေး (Animal Farm) ထဲတွင် မူလက တိရစ္ဆာန်များကို ညှဉ်းပန်းနှိပ်စက်သော လူသားအာဏာရှင်ကို တော်လှန်ခဲ့ကြသည့် ဝက်များသည် အဆုံးသတ်တွင် ၎င်းတို့ကိုယ်တိုင် ခြေနှစ်ချောင်းဖြင့် လျှောက်ကာ လူသားတို့ထက်ပင် ဆိုးယုတ်သော အာဏာရှင်ဝက်များ ဖြစ်သွားခဲ့ကြသည့်ဖြစ်စဥ်နည်းတူ ယနေ့ မြန်မာနိုင်ငံတွင်လည်း “တော်လှန်ရေး” ဟူသော စကားလုံးကို ခုတုံးလုပ်၍ ယုတ်မာရက်စက်မှုများကို ကျူးလွန်နေသော “ခြေနှစ်ချောင်းဝက်” များစွာ ပေါ်ပေါက်လာနေသည်မှာ တိုင်းပြည်အတွက် ရင်နာစရာ အရှိတရားပင် ဖြစ်သည်။
NLD ပါတီက ကျူးလွန်သည့် မဲမသမာမှုကို ဖြေရှင်းရဲမှုမရှိခြင်းကတစ်ဆင့် ဆင့်ကဲပေါ်ထွန်းလာသော နိုင်ငံရေးအကျပ်အတည်းစတင်ချိန် ဆန္ဒပြသူများက အကြမ်းဖက်မှုကျူးလွန်၍ တပ်မတော်က မျက်နှာချင်းဆိုင်ပစ်ခတ်သည်ကို မတရားမှုဟုဆိုကာ လက်နက်ကိုင်ခဲ့ကြသူများသည် ကိုယ်တိုင်လက်နက်ကိုင်လာသောအခါဝယ် ရိုးသားအေးချမ်းစွာ ရှာဖွေစားသောက်နေသော ပြည်သူများနှင့် လက်နက်မဲ့နိုင်ငံ့ဝန်ထမ်းများကို နောက်ကျောမှ ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်ကာ ဆိုးယုတ် အောက်တန်းကျလာသည့် သန္ဓေမမှန်သော နွေဦးတော်လှန်ရေးဒဏ်ကို ထောက်ခံခဲ့သော ပြည်သူတို့ကိုယ်တိုင် ရင်စည်းခံနေရပြီလည်း ဖြစ်သည်။
RCSS ဗိုလ်ချုပ်ကြီးယွက်စစ်ကမူ PDF များသည် တစ်ချိန်တွင် သူခိုးဓားပြများဖြစ်လာမည်ဟု လွန်ခဲ့သည့်လေးနှစ် လက်နက်ကိုင်မှု စတင်စဥ်က ကြိုတင်သုံးသပ်ခဲ့သည်။ ထိုခန့်မှန်းချက်သည် ယခုအချိန် ရာနှုန်းပြည့် မှန်ကန်ခဲ့ပြီဖြစ်သလို PDF များကလည်း သံဃာများနှင့် အပြစ်မဲ့ ပြည်သူထောင်သောင်းချီကို သတ်ဖြတ်ခြင်း၊ ဓားပြတိုက် လုယက်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ပြန်ပေးဆွဲ ငွေတောင်းခြင်း၊ မူးယစ်ဆေးဖြန့်ဖြူးခြင်းများအပြင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့် စော်ကားခြင်းများသည်လည်း PDF ထိန်းချုပ်နယ်မြေတွင်ပင် အမှုပေါင်း ၁၀၀ ကျော် တိုင်ကြားခဲ့သည်ဟု NUG ဝန်ကြီးဟောင်း နော်ဇူဆန်နာလှလှစိုး၏ ဝန်ခံမှုမှာ NUG နှင့် PDF တို့၏ ဘာသာမဲ့၊ တရားမဲ့ ကျူးလွန်နေကြမှုများကို မကြားဝံ့မနာသာပင် ဖြစ်ခဲ့ရပေသည်။
သေချာပါသည်။ တော်လှန်ရေးအတွက် ပြည်သူ့ အလှူငွေများကို စာရင်းမရှင်းနိုင်ဘဲ ပြည်ပတွင် မိသားစုအတွက် အသုံးပြုစည်းစိမ်ခံနေသော NUG၊ ထောက်ပို့နှင့် ပြည်တွင်းမှ လက်နက်ကိုင်သောင်းကျန်းနေကြသော PDF တို့၏ ယခုလုပ်ရပ်များမှာ တော်လှန်ရေးမဟုတ်ဘဲ အာဏာလုပွဲသာ ဖြစ်သည်။ အာဏာအစစ်အမှန်မရခင်အချိန်၌ပင် ဤမျှ ဖောက်လွဲဖောက်ပြန် ယုတ်မာနေသူတို့၏ လက်ထဲသို့ တိုင်းပြည်အပ်နှံလိုက်ပါက မြန်မာနိုင်ငံသည် ငရဲခန်းထက်ပင် ပိုမိုဆိုးရွားသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ချေသည်။
ယနေ့တွေ့မြင်ရသည့် လက်နက်ကိုင်လှုပ်ရှားမှုအချို့မှာ မူလကြွေးကြော်ခဲ့သည့် ဒီမိုကရေစီရည်မှန်းချက်နှင့် ဆန့်ကျင်လာနေသလို George Orwell ၏ ဇာတ်ကောင် ဝက်တိရစ္ဆာန်များထက်ပင် ပိုမို ဆိုးရွားလာကာ “ခြေနှစ်ချောင်း တော်လှန်ရေး” ဟုပင် အတိအကျ သုံးနှုန်းရမည်ဖြစ်သည်။ ထိုသို့သော အာဏာရှင်လက်သစ် NUG ၊ PDF နှင့် EAOs တို့၏ လှည့်စားမှုကို ပြည်သူတို့ မယုံကြည်သင့်တော့သလို လက်နက်ကိုင် လမ်းစဉ်သည် မည်သည့်အခါမျှ တိုးတက်မှုကို မဆောင်ကြဉ်းနိုင်ဘဲ ဖျက်ဆီးခြင်းကိုသာ ဦးတည်နေသည်ကိုလည်း သတိပြုရတော့မည်ဖြစ်သည်။ အင်္ဂလိပ်စကားပုံတစ်ခုတွင် ကျည်ဆန်သည် အာဏာရှင်တစ်ဦးကို သတ်နိုင်သော်လည်း၊ အာဏာရှင်စနစ်ကိုမူ ဆန္ဒမဲဖြင့်သာ သတ်နိုင်သည် (The bullet can kill a tyrant, but only the ballot can kill tyranny.) ဟု ဆိုထားပေသည်။
လက်နက်ကိုင်အုပ်စုများ အချင်းချင်း သတ်ဖြတ်နေရုံဖြင့် အာဏာရှင်စနစ် အဆုံးသတ်မည်မဟုတ်ဘဲ ပြည်သူ့ဆန္ဒဖြင့် ဖော်ဆောင်သော ရွေးကောက်ပွဲဖြင့်သာ ဤသံသရာကို ဖြတ်တောက်နိုင်မည် ဖြစ်သည်။
ထို့ပြင် ဆန္ဒမဲက စကားပြောသောအခါ သေနတ်သံများ တိတ်ဆိတ်သွားရမည် (When the ballot speaks, the guns must fall silent.) ဟူသော ဆိုရိုးအတိုင်း လက်နက်ကိုင် အုပ်စုများ၏ ဓားစာခံဘဝမှ နိုင်ငံနှင့် ပြည်သူ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ရွေးကောက်ပွဲမှတစ်ဆင့် အရပ်ဘက်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းခြင်းပင် ဖြစ်သည်။
ယနေ့ပြည်သူများ ရင်ဆိုင်နေရသည်မှာ လက်နက်ကိုင်ဘက်အသီးသီးဖြစ်နေသည်ကို သတိပြုရမည်ဖြစ်ပြီး နောက်ဘုန်းကြီးက နှစ်ချက်ခေါက်နေသော တော်လှန်ရေးအမည်ခံ လက်နက်ကိုင်များ၏ ပိုမို ဆိုးယုတ်လာမှုကိုပါ မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်လာနေရခြင်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဤဖောက်ပြန်နေသော လက်နက်ကိုင်လမ်းစဉ်မှ ရုန်းထွက်နိုင်ရန်နှင့် နိုင်ငံရေးအရ အဖြေရှာနိုင်ရန်မှာ ရွေးကောက်ပွဲသည်သာလျှင် အရှိတရားနှင့် အကိုက်ညီဆုံး ထွက်ပေါက်ဖြစ်ပေသည်။ ထို့အတွက် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ဓားစာခံလုပ်နေသော “ခြေနှစ်ချောင်းဝက်” များ၏ တော်လှန်ရေးအန္တရာယ်မှ ကာကွယ်နိုင်ရေး လူထုက ရွေးကောက်ပွဲကို အင်တိုက်အားတိုက် လက်ခံ ဖော်ဆောင်ပေးကြပါရန် MT News က တိုက်တွန်းနှိုးဆော်အပ်ပါသည်။
